ပရိသတ်အဆိုးမြင်မှုများသည် အသင်းအတွက် အထောက်အကူမဖြစ်ဟု ဝင်းဂါးသတိပေး

ပရိသတ်အဆိုးမြင်မှုများသည် အသင်းအတွက် အထောက်အကူမဖြစ်ဟု ဝင်းဂါးသတိပေး

မတ် ၇၊ လန်ဒန် ။           ။ ပွဲကြည့်စင်ပေါ်မှအဆိုးမြင်နေမှုများသည် ချန်ပီယံပြေးလမ်းပေါ်မှကစားသမားများ၏ ယုံကြည်မှုကိုဆိုးကျိုးဖြစ်စေလိမ့်မည်ဟု အာဆင်နယ် ပရိသတ်များကို နည်းပြအာစင်ဝင်းဂါးက သတိပေးပြောဆိုလိုက်သည်။

ပြင်သစ်လူမျိုးနည်းပြသည် အာဆင်နယ်အသင်း အမှတ်ပေးဇယားထိပ်မှ လက်စတာအသင်းနှင့်ရှစ်မှတ်ကွာနေပြီး အသင်းအနေဖြင့် လက်ကျန်ပရီးမီးယားလိဂ်ပွဲ ကိုးပွဲသာကျန်ချိန်တွင် ထူးခြားပြောင်မြောက်သောစွမ်းဆောင်မှုမျိုးလုပ်ပြနိုင်ရန် မစွမ်းသာသည့်အခြေအနေကို နားလည်ထားသည်။

စနေနေ့က ကစားခဲ့သော လန်ဒန်မြောက်ပိုင်းဒါဘီတွင် အာဆင်နယ်အသင်းနောက်ကလိုက်ပြီးတစ်မှတ်ရယူနိုင်သဖြင့် ဝင်းဂါးက ပျော်ရွှင်ခဲ့ သော်လည်း ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုက ၎င်း၏အသင်းမှကစားသမားများတိုးတက်မှုကို တန့်သွားစေနိုင်သည်ဟု ဝန်ခံခဲ့သည်။

"ပရိသတ်တွေပျော်တာကို ကျွန်တော်ပိုပြီးလိုလားပါတယ်။ ဒါပေမဲ့ ကျွန်တော်ပိုပြီးစိုးရိမ်တာက အဲဒါက ကစားသမားတွေရဲ့ယုံကြည်မှုကို သွားပြီးသက်ရောက်နေမှာကိုပါ။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ ကောင်းကောင်းတုန့်ပြန်ပြခဲ့ပြီးပြီလို့ ယူဆပါတယ်။

လာမယ့်ပွဲမှာလည်း စိတ်မကောင်းဖြစ်စိတ်နဲ့ တာဝန်ယူလိုစိတ်ကိုခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီအစုအဖွဲ့က ကောင်းမွန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ပိုင်ဆိုင်တယ်လို့ ကျွန်တော်ယူဆရတာဖြစ်ပါတယ်"ဟု အာစင်ဝင်းဂါးကဆိုသည်။

အသင်းခေါင်းဆောင် မာတီဆက်ကာကလည်း နည်းပြအာစင်ဝင်းဂါး၏စကားကို သံယောင်လိုက်ပြောဆိုခဲ့ပြီး ကစားသမားများ၏ စိတ်ခံစားမှု အခြေအနေနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့သည်။
"ယုံကြည်ကိုးစားခံရမှုနည်းပါးနေပြီး ယုံကြည်ချက်ပျောက်နေတဲ့အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ အပြုအမူကောင်းကိုပြနိုင်ခဲ့တယ်လို့ထင်တယ်။

အဝတ်လဲခန်းမှာကျွန်တော်တို့ အပြန်အလှန်ဝေဖန်ခဲ့ကြပြီး ကိုယ့်ကိုယ်ကိုယ်အများကြီးတောင်းဆိုခဲ့ကြတဲ့နောက်မှာ အခုလိုဂရုစိုက်စရာ မလိုဘဲ ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့အချင်း အပြန်အလှန်နေ့ တိုင်းပြောဆိုဆွေးနွေးဖြစ်ကြတယ်။ စပါးနဲ့ပွဲ ပထမပိုင်း ၁၅ မိနစ်မှာ အံ့မခန်းကစားနိုင်ခဲ့တယ်။ ဒီလို တောင်းဆိုမှုမြင့်တဲ့ပွဲမျိုး တစ်ခါမှတောင် မကစားခဲ့ဖူးဘူး။

ကျွန်တော်တို့ သိပ်ကိုတိုက်ခိုက်လိုစိတ်မြင့်မားတဲ့ပုံစံကိုပြောင်းနိုင်ခဲ့ပြီလို့ထင်တယ်။ ဖိအားတွေကို ခင်ဗျားတို့မြင်နိုင်မှာပါ။ ဒါက စိတ်ဝင်စားဖို့ ကောင်းတဲ့ ရာသီသိမ်းကာလအတွက် ကောင်းမွန်တဲ့ စတင်မှုလို့ ထင်ပါတယ်"ဟု မာတီဆက်ကာက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly