နယူးဇီလန်မှ တရုတ်အသိုက်အဝန်းက တရုတ်နိုင်ငံတွင်း အသွားအလာပိတ်ဆို့မှုနှင့်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒပြ

By RNZ
03 December 2022
နယူးဇီလန်မှ တရုတ်အသိုက်အဝန်းက တရုတ်နိုင်ငံတွင်း အသွားအလာပိတ်ဆို့မှုနှင့်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒပြ

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့မှ တရုတ်လူမျိုး ၂၀၀ ကျော်ခန့်သည် တရုတ်နိုင်ငံ၏တင်းကျပ်သော ကိုဗစ်-၁၉ ကန့်သတ်ချက်များအောက်တွင် အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းဖွယ်အထိမ်းအမှတ်ပြုလုပ်ရန်နှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အဆုံးသတ်ပေးရေးတောင်းဆိုရန် ဒီဇင်ဘာ ၂ ရက်ညက Aotea ရင်ပြင်တွင် စုဝေးခဲ့ကြသည်။

လူပေါင်း ၁၀၀ ကျော်က တရုတ်၏ ဆင်ဆာဖြတ်တောက်မှုကို ဆန့်ကျင်သည့် သင်္ကေတအဖြစ် A4 အရွယ်အစား စာရွက်လွတ်များကို ကိုင်ဆောင်ထားခဲ့ပြိး “ခေါင်းဆောင်တွေ မလိုချင်ဘူး။ မဲတွေပဲ လိုချင်တယ်။ အာဏာရှင်စနစ်မလိုချင်ဘူး။ နိုင်ငံသားတွေပဲ လိုချင်တယ်။ လွတ်လပ်မှုမရှိတာထက် သေတာကမှ ပိုကောင်းဦးမယ်။ ရှီကျင့်ပင် ရာထူးကဆင်း။ တရုတ်ကွန်မြူနစ်ပါတီ အာဏာစွန့်လွှတ်” ဟု တရုတ်ဘာသာဖြင့် ကြွေးကြော်ခဲ့ကြသည်။

အလားတူစုဝေးမှုမျိုးကို ဝယ်လင်တန်မြို့တွင်လည်း ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့သည်။

အော့ကလန်မြို့မှ စုဝေးပွဲကို စီစဉ်သူတစ်ဦးက လူမှုရေးလှုပ်ရှားမှုများတွင် ယခင်က မပါဝင်ဖူးသော်လည်း အသွားအလာပိတ်ဆို့မှုဒဏ်ကို ခံစားနေရသော တရုတ်လူမျိုးများ၏ တလောက ဝမ်းနည်းဖွယ်ဖြစ်ရပ်များကို မြင်ပြီး ဆန္ဒပြရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

“ကျွန်မဇာတိဖြစ်တဲ့ ဟွန်ဟော့မြို့မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ အစစအရာရာ အဆင်ပြေတယ်လို့ မပြောနိုင်ခဲ့ဘူး။ နယူးဇီလန်မှာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်မ မိသားစုနဲ့ သူငယ်ချင်းတွေက တရုတ်မှာ ရှိသေးတယ်။ ကျွန်မ နှုတ်ဆိတ်မနေနိုင်တော့ဘူး” ဟု သူမက ဆိုသည်။

အူရမ်ကီ မီးလောင်မှုဖြစ်ပွားခဲ့သည့် ရှင်ကျန်းမှ ဝီဂါမွတ်စလင်အသိုက်အဝန်းမှ အဖွဲ့ဝင်များလည်း စုဝေးပွဲသို့ တက်ရောက်ကာ စည်းလုံးညီညွတ်ကြောင်းပြသပြီး ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများသည် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသော ဆန္ဒဖော်ထုတ်သူများကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required