အမေရိကန်နှင့်ပြင်သစ်တို့က တရုတ်နှင့် သက်ဆိုင်သည့် စိုးရိမ်စရာကိစ္စများအပေါ် ပူးပေါင်းဆောင်ရွက်မည်

By Taipei Times
03 December 2022
အမေရိကန်နှင့်ပြင်သစ်တို့က တရုတ်နှင့် သက်ဆိုင်သည့် စိုးရိမ်စရာကိစ္စများအပေါ် ပူးပေါင်းဆောင်ရွက်မည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့က တရုတ်နိုင်ငံနှင့် ပတ်သက်သည့် စိုးရိမ်စရာကိစ္စရပ်များအပေါ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ကတိပြုခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အရေးကြီးမှုကို ထပ်မံဆွေးနွေးခဲ့ကြသည်။

သမ္မတများသည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အရေးကြီးကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်ဟု အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးမှုအပြီး သမ္မတ ၂ ဦးတို့၏ ပူးတွဲကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် ပြင်သစ်တို့သည် လူ့အခွင့်အရေး လေးစားလိုက်နာမှု အပါအဝင် စည်းမျဉ်းအခြေခံ နိုင်ငံတကာ ညွှန်ကြားချက်အမိန့်အပေါ် တရုတ်နိုင်ငံ၏ စိန်ခေါ်မှုနှင့် စပ်လျဉ်းသော ကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန်နှင့် ရာသီဥတု ဖောက်ပြန်မှုကဲ့သို့သော ကမ္ဘာ့အရေးများတွင် တရုတ်နိုင်ငံနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် အမေရိကန်နှင့်ပြင်သစ်က စိုးရိမ်ပူပန်ကြောင်း လူသိရှင်ကြား ထပ်လောင်းပြောဆိုသည့်အတွက် ကျေးဇူး တင်ရှိကြောင်း ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်သည် တာဝန်သိဒီမိုကရေစီကျင့်သုံးသူအဖြစ် ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို ဆက်လက်မြှင့်တင် သွားမည်ဖြစ်ကာ အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် စိတ်သဘောထားချင်း တူသောနိုင်ငံများနှင့် ပူးပေါင်းလု ပ် ဆောင်သွားမည်ဟု ဝန်ကြီးဌာနက ပြောသည်။

ပြင်သစ်အစိုးရသည် လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ထိုင်ဝမ်ကို လျစ်လျူရှုခဲ့ကြောင်း ပါရီမြို့ရှိ မဟာဗျူဟာသုတေသနဖောင်ဒေးရှင်းမှ ဒါရိုက်တာ အန်တိုနီဘွန်ဒက်ဇ်က Central News Agency သို့ ပြောကြားပြီးနောက် သီတင်းပတ်များအကြာတွင် ဘိုင်ဒင်နှင့်မက်ခရွန်တို့ ပူးတွဲထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြားတွင် လက်ရှိအနေအထားကို ပြောင်းလဲရန် တရုတ်၏ အခိုင်အမာ အားထုတ်မှုများ တိုးလာနေကြောင်း ပြီးခဲ့သည့်လက ပြင်သစ်ကထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် သတိပေးထားသည်ဟု ဘွန်ဒက်ဇ်က ပြောသည်။

တရုတ်သည် ယူကရိန်းအရေးတွင် အနောက်နိုင်ငံများ၏ စည်းလုံးမှုနှင့် ရုရှားအပေါ်ချမှတ်သော အရေးယူ ပိတ်ဆို့မှုများ၏ သက်ရောက်မှုကို စောင့်ကြည့်နေဖွယ်ရှိကြောင်းနှင့် ထိုင်ဝမ်အပေါ် စစ်ရေးအရ ကျူးကျော်ရန် ဖြစ်နိုင်ခြေကို ရည်ညွှန်းပြီး အဓိကပြဿနာရပ်များ ကြုံလာချိန်တွင် ချမှတ်ခံရနိုင်သော ပိတ်ဆို့မှုများကို အကဲဖြတ်လျက်ရှိသည်ဟု ၂၀၂၂ ခုနှစ် နိုင်ငံဗျူဟာသုံးသပ်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required