ကိုဗစ်စည်းမျဉ်းဆန့်ကျင်သူများကို ဖိနှိပ်ခြင်းက တရုတ်အစိုးရ၏ အားနည်းချက်လက္ခဏာကို ပြသနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ကိုဗစ်စည်းမျဉ်းဆန့်ကျင်သူများကို ဖိနှိပ်ခြင်းက တရုတ်အစိုးရ၏ အားနည်းချက်လက္ခဏာကို ပြသနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံတွင် ပြည်သူသန်းပေါင်းများစွာသည် အစုလိုက်အပြုံလိုက် ရောဂါစမ်းသပ်ခြင်း၊ သီးသန့်ခွဲထားခြင်းနှင့် အသွားအလာပိတ်ဆို့ခြင်းများကို ၃ နှစ်နီးပါး ခံစားနေရချိန်၌ ကိုဗစ်ကန့်သတ်ချက်ကို ဆန့်ကျင်သော ဆန္ဒ ဖော်ထုတ်သူများအပေါ် ဖိနှိပ်သောလုပ်ရပ်သည် တရုတ်အစိုးရ၏ အားနည်းချက်လက္ခဏာကို ပြသနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောသည်။ “ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လူတွေက ထုတ်ဖော်ပြောဆိုဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ သူတို့ရဲ့မကျေနပ်မှုတွေကို သိအောင်လို့ ကြိုးစားကြတာကို တွေ့မြင်ရမှာပါ။ ဘယ်လိုပြဿနာပဲဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒီလိုအဖြစ်အပျက်တွေကို တွေ့မြင်နိုင်ပါတယ်။ အစိုးရဟာ ဒါတွေကို ရပ်တန့်စေဖို့ ပြင်းထန်တဲ့ ဖိနှိပ်မှု တွေလုပ်တာကို တွေ့နိုင်ပါတယ်။ ဒါဟာ အင်အားတောင့်တင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ အားနည်းချက်ရှိတဲ့ လက္ခဏာပါ” ဟု အန်တိုနီဘလင်ကန်က NBC သတင်းဌာနမှ အန်ဒရီးယားမစ်ချဲနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

သီတင်းပတ်ကုန်က တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့နှင့် ဘဏ္ဍာရေးဗဟိုချက်ဖြစ်သော ရှန်ဟိုင်းတွင် လူထောင်ပေါင်းများစွာက အစိုးရ၏ တင်းကျပ်သော ကိုဗစ်-၁၉ အစီအမံများကို လူသိရှင်ကြား ဆန္ဒပြခဲ့ကြပြီး တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုကို ရှုတ်ချခဲ့ကြသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဆိုသည်။

ဆန္ဒပြသူများသည် ကိုဗစ်-၁၉ စတင်ဖြစ်ပွားရာ ဝူဟန်၊ချန်ဒူး၊ ပေကျင်းနှင့် တခြားမြို့ကြီးများတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းမြို့တော် အူရမ်ကီရှိ တိုက်ခန်းတစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်က မီးလောင်မှုဖြစ်ပွားကာ လူ ၁၀ ဦးသေဆုံးပြီးနောက် တရုတ်တွင် ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဆန္ဒပြသူရာပေါင်းများစွာက ‘ရှီရာထူးမှ ထွက်ပေး’ ဟု ကြွေးကြော်ကာ တရုတ်သမ္မတကို နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ သမ္မတရှီသည် အစုလိုက်အပြုံလိုက်ကိုဗစ်ရောဂါစမ်းသပ်ခြင်း၊ အတင်းအကျပ် အသွားအလာပိတ်ဆို့ခြင်း၊ မဖြစ်မနေ သီးသန့်ခွဲနေရခြင်းနှင့် ဒစ်ဂျစ်တယ်ခြေရာခံစနစ်ဖြင့် စောင့်ကြည့်ခြင်းများကို ၃ နှစ်နီး ကြီးကြပ်ခဲ့ပြီး လူအင်အားနှင့်ငွေကြေးနစ်နာဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။

သီတင်းပတ်ကုန်က ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ထိုအကြောင်းအရာများကို လူများသိမြင်ပြီး ဆွေးနွေးခြင်းများ မလုပ်စေရန် တရုတ်လူမှုမီဒီယာပေါ်တွင် ဆင်ဆာဖြတ်တောက်မှုများ လုပ်ဆောင်ခဲ့သည်။ ပို့စ်ပေါင်း သန်းပေါင်းများစွာကို အွန်လိုင်းတွင် ရှာမရအောင် ဆင်ဆာဖြတ်ထားသည်။

ဆန္ဒပြသူများကို နှိမ်နင်းမှုနှင့် BBC သတင်းထောက်ကို ခေတ္တထိန်းသိမ်းခဲ့မှုကြောင့် ဗြိတိန်နှင့်တရုတ်ဆက်ဆံရေး အပေါ် ဆိုးဆိုးရွားရွားသက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required