တရုတ်နည်းပညာကဏ္ဍဖိနှိပ်ခံရပြီးနောက် Alibaba ထူထောင်သူဂျက်မား ဂျပန်တွင် ရောက်ရှိနေ

တရုတ်နည်းပညာကဏ္ဍဖိနှိပ်ခံရပြီးနောက် Alibaba ထူထောင်သူဂျက်မား ဂျပန်တွင် ရောက်ရှိနေ

တရုတ်အစိုးရက နည်းပညာကဏ္ဍကို ဖိနှိပ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် Alibaba ကို တည်ထောင်သူ ဂျက်မားသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကာ ဂျပန်တွင်နေထိုင်နေသည်မှာ ၆ လနီးပါးရှိပြီဖြစ်ကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်များစွာကို ကိုးကား၍ Financial Times က နိုဝင်ဘာ ၃၀ ရက်တွင် ဖော်ပြသည်။

တရုတ်စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်များက ဂျက်မား၏ Ant Group လုပ်ငန်းစုမှ အများပိုင်အစုရှယ်များကို ဖျက်သိမ်းခြင်းနှင့် Alibaba အား ဒဏ်ငွေရိုက်ခြင်းများပါဝင်သည့် နှိမ်နင်းမှုများ ပြုလုပ်ပြီးနောက်ပိုင်း ဘီလျံနာ ဂျက်မားသည် သိုသိုသိပ်သိပ်နေခဲ့သည်။

ဂျက်မားသည် ပြီးခဲ့သော ၆ လအတွင်း အမေရိကန်နှင့်အစ္စရေးသို့ သွားရောက်လည်ပတ်ခဲ့သလို ဂျပန်ရှိ တိုကျိုနှင့်တခြားနေရာများတွင် မိသားစုနှင့်အတူ နေထိုင်ခဲ့သည်။

ဂျက်မားသည် တိုကျိုရှိ ပုဂ္ဂလိကအသင်းများ၏ ကလပ်အများအပြားကို မကြာခဏသွားရောက်လေ့ရှိပြီး ဂျပန်ခေတ်သစ်အနုပညာကို စိတ်အားထက်သန်စွာ စုဆောင်းသူဖြစ်လာသည့်အပြင် ၎င်း၏ လုပ်ငန်းအကျိုးစီးပွား ရေရှည်တည်တံ့စေရေးအတွက် ချဲ့ထွင်ရန် စူးစမ်းလေ့လာနေကြောင်း ဗြိတိန်သတင်းစာ Financial Times က ဖော်ပြခဲ့သည်။

အင်တာနက်ကုမ္ပဏီကြီးများက အချက်အလက်များကို အလွန်အကျွံထိန်းချုပ်ပြီး အလျင်အမြန်တိုးချဲ့ လာမည်ကို တရုတ်အာဏာပိုင်များက စိုးရိမ်သောကြောင့် နိုင်ငံတွင်းရှိ ကုမ္ပဏီကြီးများ၏ ယှဉ်ပြိုင်မှုအစဉ်အလာများကို ဖိနှိပ်ရန် မကြာသေးမီနှစ်များအတွင်း လုပ်ဆောင်လာသည်။

တရုတ်နိုင်ငံသည် စီးပွားရေးနှေးကွေးမှုနှင့် ကိုဗစ်-၁၉ ကူးစက်မှုများကို ရင်ဆိုင်နေရသောကြောင့် ဂျက်မား၏ အွန်လိုင်းကူးသန်းရောင်းဝယ်ရေးကုမ္ပဏီကြီး Alibaba သည် ဩဂုတ်လတွင် ပထမဆုံးအကြိမ်အဖြစ် ဝင်ငွေတိုးတက်မှုမရှိခဲ့ပေ။

အမေရိကန်အာဏာပိုင်များသည် Alibaba အားစောင့်ကြည့်စာရင်းတွင် ထားရှိကာ ကုမ္ပဏီအနေဖြင့် ထုတ်ပြန်ကြေညာချက်ဆိုင်ရာ ညွှန်ကြားချက်များကို မလိုက်နာပါက နယူးယော့စတော့အိတ်ချိန်းမှ ပယ်ဖျက်ခံရနိုင်ကာ ရှယ်ယာများဈေးများလည်း ကျဆင်းသွားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required