ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြခွင့်ကို တရုတ် လေးစားသင့်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ပြော

ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြခွင့်ကို တရုတ် လေးစားသင့်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ပြော

တရုတ်နိုင်ငံတွင် အစိုးရ၏ ပြင်းထန်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ငြိမ်းချမ်းစွာဆန္ဒပြမှုနှင့် လွတ်လပ်ခွင့်နှင့်လူ့အခွင့်အရေးများ တောင်းဆိုသော နိုင်ငံတစ်ဝန်းမှ ပြည်သူများ၏ အခြေခံအခွင့်အရေးများကို လေးစားသင့်ကြောင်း နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (HRW) က တရုတ်အစိုးရကို ပြောကြားလိုက်သည်။ အာဏာပိုင်များအနေဖြင့် မတရားသဖြင့် ဖမ်းဆီးထားသော ဆန္ဒပြသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် ဆန္ဒပြမှုနှင့်ပတ်သက်သည့် အချက်အလက်များအား အွန်လိုင်းဆင်ဆာဖြတ်တောက်မှု ရပ်သင့်ကြောင်းလည်း HRW က တိုက်တွန်းထားသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့လည်းဖြစ် ဘဏ္ဍာရေးဗဟိုချက်လည်းဖြစ်သည့် ရှန်ဟိုင်းတွင် သီတင်းပတ်ကုန်က လူထောင်ပေါင်းများစွာသည် အစိုးရ၏ တင်းကျပ်သော ကိုဗစ်စီမံချက်များကို လူသိရှင်ကြား ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို ရှုတ်ချခဲ့ကြသည်။

နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကျောင်းသားများသည် ကျောင်းဝင်းများအတွင်း စုဝေးဆန္ဒပြခဲ့ကြသလို ကိုဗစ်-၁၉ စတင်ဖြစ်ပွားရာ ဝူဟန်အပါအဝင် ချန်ဒူး၊ ပေကျင်း အခြားမြို့ကြီးများတွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

“တရုတ်နိုင်ငံတစ်ဝန်းက လူတွေဟာ သူတို့ရဲ့ လူ့အခွင့်အရေးကို တောင်းဆိုဖို့ ထူးထူးခြားခြား စွန့်စား နေကြပါတယ်။ တရုတ်အာဏာပိုင်တွေဟာ ဆန္ဒပြပွဲတွေကို နှိမ်နှင်းတာမျိုး မလုပ်သင့်ဘဲ သူတို့ အမြင်တွေကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့် ပြုသင့်ပါတယ်” ဟု HRW မှ အကြီးတန်းတရုတ်သုတေသီ ယာချီဝမ်က ပြောသည်။

"တရုတ်နိုင်ငံမှာ အစိုးရရဲ့ နှိပ်စက်ညှင်းပန်းမှုတွေအပေါ် ရံဖန်ရံခါမှာ သေးငယ်တဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့ပေမယ့် လူတွေက သမ္မတ ရှီကျင့်ဖျင်ကို ရာထူးက ဆင်းခိုင်းတာ ဒါမှမဟုတ် ကွန်မြူနစ်ပါတီအုပ်ချုပ်မှုစနစ်အဆုံးသတ်ဖို့ လူသိရှင်ကြား တောင်းဆိုတာဟာ အလွန်ရှားပါးတဲ့ ဖြစ်ရပ်ပါ။ အာဏာပိုင်တွေဟာ ပါတီရဲ့ အာဏာဆုပ်ကိုင်ထားမှုအပေါ် စိန်ခေါ်မှုဟူသမျှကို အလွန်ဆိုးရွားတဲ့ အခြေအနေတွေအောက်မှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပါတယ်” ဟု HRW က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required