ကျောက်တော်မြို့နယ်မှ အစာအဆိပ်သင့်ပြီး ၆ ဦးသေဆုံးမှု မည်သည့်အစားအစာက အဆိပ်သင့်သည်ကို မစမ်းသပ်နိုင်သေး

ကျောက်တော်မြို့နယ်မှ အစာအဆိပ်သင့်ပြီး ၆ ဦးသေဆုံးမှု မည်သည့်အစားအစာက အဆိပ်သင့်သည်ကို မစမ်းသပ်နိုင်သေး

သူသူဇော်

မဇ္ဈိမ။ ။ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ပီချောင်းအထက်ပိုင်းရှိ သက်ထင်(မြို)ကျေးရွာတွင် အစာ အဆိပ်သင့်မှုကြောင့် နိုဝင်ဘာလ ၂၇ ရက်နေ့က မိသားစုဝင်ခြောက်ဦးသေဆုံးမှုတွင် မည်သည့်အစား အစာကအဆိပ်သင့်သည်ကိုမစမ်းသပ်နိုင်သေးသည့်အတွက် မိသားစုဝင်များအနေဖြင့် မသိရသေး ကြောင်း ဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် မိသားစုဝင်ခြောက်ဦးမှာ ထမင်းစားပြီးနောက် ည ၈ နာရီခန့်တွင် အော့အန်ခြင်းများဖြစ်ပွားခဲ့ပြီး ၂၇ ရက် နှင့် ၂၈ ရက်နေ့များတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွား ကြခြင်းဖြစ်သည်။

“ကျောက်တော်က ဆရာဝန်တစ်ဦးရဲ့ အာဘော်ကတော့ ဓာတုဗေဒပစ္စည်းတစ်ခုခုကို စားမိသွားတာပေါ့။ ငါးသို့မဟုတ် ဟင်းတခုခုမှာ ဓာတုဗေဒပစ္စည်းတစ်ခုခု ပါသွားတယ်လို့ သုံးသပ်ပါတယ် ။ ဒါပေမဲ့ အဲဒါတွေ ကို စစ်ဆေးနိုင်တာတော့ မရှိသေးပါဘူး။ စစ်တွေမှာလည်း စပ်သပ်မယ့် ပစ္စည်းကိရိယာတွေ မရှိတာ ကြောင့် ရန်ကုန်ကိုပို့မယ်လို့ ပြောပါတယ်။ လက်ရှိမှာက လမ်းတွေပိတ်ထားတာကြောင့် ကြန့်ကြာနေ တယ်လို့ သိရပါတယ်”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ကျောက်တော်ဆေးရုံသို့မရောက်မီ လမ်းတွင်ပင် အသက်ရှူကြပ်လာသည့် အတွက် သက်ထင်ကျေးရွာနှင့် အနီးစပ်ဆုံးဖြစ်သည့် ဝဲကြီးထောင့်တိုက်နယ်ဆေးရုံးသို့ ပို့ဆောင်ရာတွင် မိသားစုဝင်များထဲမှ သမီးလတ်ဖြစ်သူ မစိုးသန်း(အသက် ၂၃ နှစ်)မှာ ပထမဆုံး သေဆုံးသွားခဲ့သည်။

“ပြောင်းဖူးစားတာကြောင့် သေဆုံးသွားတာမဟုတ်ပါဘူး။ ပြောင်းဖူးက သူတို့ စားမစားကို တယောက်မှ မသိပါဘူး။ သူတို့ ညနေထမင်းစားတော့ ငါးဟင်းမှာ ဓာတုပစ္စည်းတစ်ခုခု ပါသွားတာဖြစ်မယ်။ သူတို့က ထမင်းစားပြီးလို့ နှစ်နာရီလောက်ကြာတော့ အော့အန်တာပေါ့၊ ဝဲကြီးထောင့်ဆေးရုံရောက်မှ ဆေးကုသမူ ခံယူနေရင်း ည ၁၁ နာရီလောက်ကျတော့ အကုန်လုံး သတိမေ့သွားတယ်။ အဲဒီမှာ မစိုးသန်းက စပြီးတော့ ဆုံးသွားတယ်။ ကျန်တဲ့လူတွေကို ကျောက်တော်ဆေးရုံကို ပို့လိုက်တာပေါ့။ အဲဒီမှာ တစ်ယောက်ပြီး တစ်ယောက်သေသွားတာပါ” ဟု ၎င်း မိသားစု ဆိုသည်။

ကျန်မိသားစုဝင်များကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူချိန်တွင် မိခင်ဖြစ်သူ ဒေါ်ခိုင်သန်းနု၊ သမီးကြီး မစန္ဒာဝင်းနှင့် သားဖြစ်သူ မောင်ကျော်ငြိမ်းတို့ ထပ်မံ သေဆုံးသွားခဲ့သည်။

ယင်းနောက် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးသောကြာအောင်နှင့် ဒေါ်ခိုင်သန်းနု၏ မိခင်ဖြစ်သူ ပါ သေဆုံးသွားခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ကျောက်တော်ဆေးရုံ၌ အစာအဆိပ်သင့်၍သေဆုံးသွားသူများကို ကျောက်တော်၌သင်္ဂြိုဟ်ခဲ့ပြီး ဝဲကြီးတောင်ကျေးရွာ၌သေဆုံးသွားသည့် သမီးလတ်ဖြစ်သူကို ဝဲကြီးထောင့် ကျေးရွာ၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

သက်ထင်(မြို) ကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ခန့်နှင့် လူဦးရေ ၃၀၀ခန့် နေထိုင်ကြကြောင်း သိရသည်။

စစ်တွေသို့ပို့ဆောင်ထားသည့် ဆေးစစ်ချက်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာနမှ ကုသရေးမှူး ဒေါက်တာကြည်လွင်အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်း အဝေးရှိသည်ဟုဆိုကာ ဖုန်းချသွားခဲ့သည့်အတွက် မဇ္ဈိမအနေဖြင့် အသေးစိတ်အား မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ရခိုင်ပြည်နယ်

#ကျောက်တော်မြို့နယ်

#အစာအဆိပ်သင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly