နယူးယော့ခ်၊ မတ် ၅ ။ ။ နာမည်ကျော်အဆိုတော် အဲလ်တန်ဂျွန်သည် ၎င်း၏တေးသီချင်းအယ်လ်ဘမ်သစ် “ Wonderful Crazy Night” ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ် အစိတ်ပိုင်းတစ်ရပ်အဖြစ် ဇူလိုင်လတွင် အီတလီနိုင်ငံ ပေါ့ပ်ပေးမြို့ရှိ ရှေးဟောင်းရောမပြဇာတ်ရုံတွင် ဖျော်ဖြေသွားမည်။
ဖျော်ဖြေရေးနှင့်စပ်လျဉ်း၍ ၆၈နှစ်ရှိပြီဖြစ်သော အဲလ်တန်ဂျွန်၏တရားဝင် ဝက်ဆိုက်ဘ်တွင် ထုတ်ပြန်ထားခြင်းမရှိသော်လည်း D’Alessandro e Gali အေဂျင်စီက အွန်လိုင်းတွင် ပြောကြားထားသည်။
“ အဲလ်တန်ဂျွန်ဟာ ပေါ့ပ်ပေးမြို့မှာ ဇူလိုင် ၁၂ရက်တွင် ဖျော်ဖြေပွဲကျင်းပသွားမှာဖြစ်ပါတယ်”ဟု ပွဲစီစဉ်သူများ၏ ဝက်ဆိုက်ဘ်တွင် ပြောကြားထားသည်။
အဲလ်တန်ဂျွန်သည် ဖျော်ဖြေပွဲကို လူ ၄၀၀၀ခန့်ဆံသော Large ပြဇာတ်ရုံ (သို့မဟုတ်) ရော့ခ်တေးဂီတအဖွဲ့ Pink Floyd ၁၉၇၂ ခုနှစ်က “ Live at Pompeii” ဖျော်ဖြေပွဲရုပ်ရှင် ကျင်းပပြုလုပ်ခဲ့သော အမိုးမဲ့ပွဲကြည့်စင်တွင် ဖျော်ဖြေသွားမည်ဆိုခြင်း နှင့်စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ပြဇာတ်ရုံတွင် လွန်ခဲ့သည့် နှစ်နှစ်က ဘဲလေးအက နှင့် ဂန္တဝင်တေးသီချင်းများ ဖျော်ဖြေခဲ့သည့် နေရာလည်းဖြစ်သည်။ကျောက်တုံးဖြင့်ပြုလုပ်ထားသော အမိုးမဲ့ပွဲကြည့်စင်သည် လူ ၂၀၀၀ ခန့် ဆံကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ပေါ့ပ်ပေးမြို့သည် အေဒီ ၇၉က Vesuvius မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ပြာပူများဖုံးလွှမ်းခံခဲ့ရသည်။ရှေးဟောင်းမြိုဖြစ်သော ပေါ့ပ်ပေးမြို့သည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်သည့် အီတလီနိုင်ငံ၏ အကျော်ကြားဆုံးမြို့ဖြစ်ပြီး နှစ်စဉ် ခရီးသွား သန်းပေါင်းများစွာ လာရောက်လည်ပတ်သည်။