အကြမ်းဖက်မှုက ပါကစ္စတန်တွင် အဓိကကြုံတွေ့နေရသည့် ပြဿနာဖြစ်ကြောင်း ဝန်ကြီးချုပ် ရှာရစ် ပြော

By Daily Hunt
26 November 2022
အကြမ်းဖက်မှုက ပါကစ္စတန်တွင် အဓိကကြုံတွေ့နေရသည့် ပြဿနာဖြစ်ကြောင်း ဝန်ကြီးချုပ် ရှာရစ် ပြော

အကြမ်းဖက်မှုက ပါကစ္စတန်နိုင်ငံတွင် ကြုံတွေ့နေရသည့် အဓိက ပြဿနာများထဲတွင် ပါဝင်နေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားလိုက်သည်။ တစ်ဆက်တည်းမှာပင် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် လက်ကီ မာဝတ်ဒေသတွင် စစ်သွေးကြွများက ရဲကားတစ်စီးကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အပေါ် ဝန်ကြီးချုပ်က ပြစ်တင်ရှုတ်ချခဲ့သည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် လက်ကီ မာဝတ်ဒေသ၌ နိုဝင်ဘာ ၁၆ ရက်က ရဲကား တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ရဲ ၆ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်၏ Daily Times မီဒီယာက ဖော်ပြသည်။

ဆိုင်ကယ်စီး အကြမ်းဖက်သမား ၂ဦးက ရဲကားကို ပစ်ခတ်သွားခြင်းဖြစ်ကြောင်း အဆိုပါ သတင်းစာက ဖော်ပြသည်။ ကျူးလွန်သူများသည် ဝမ်ဒါ ရှာဟက် ခဲလ် အရပ် အာဘတ်စ် လမ်းပေါ်တွင် ရဲကားကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲများက ပြောသည်။

“လက်ကီ မာဝတ်မှာ ရဲကား အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပေါ် ပြည်ထဲရေးဝန်ကြီး ရာနာ ဆူနာအူလာကလည်း အပြင်းအထန် ပြစ်တင်ရှုတ်ချပါတယ်။ ဒီဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်ကြောင်း သူ ပြောပါ တယ်။ နောက်ပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် အတွင်းဝန်ချုပ်နဲ့ ရဲချုပ်တို့ဆီကနေ အစီရင်ခံစာ တောင်းထားတယ်။ အသက်စွန့်သွားကြရတဲ့ ရဲတွေအတွက် အင်မတန် ဝမ်းနည်းကြေကွဲတယ်လို့ သူ ပြောပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး၏ ရုံးက တွစ်တာတွင် ရေးသည်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မကြာသေးခင်က တိုက်ခိုက်မှုဖြစ်စဉ်များ မြင့်တက်လာခြင်းကြောင့် နိုင်ငံတွင် ဆယ်စုနှစ် တစ်စုကျော်ကြာပြီးနောက် စစ်သွေးကြွမှုနှင့် အကြမ်းဖက်မှုက ပြန်လည်ခေါင်းထောင်လာပြီ ဆိုသည့် စိုးရိမ်ပူပန်မှုများကို ထွက်ပေါ်စေလျက် ရှိသည်။

“ပိုပြီး စိုးရိမ်ပူပန်စရာကောင်းတာက နိုင်ငံရဲ့ အရပ်သားခေါင်းဆောင်ပိုင်းနဲ့ ဩဇာကြီးစစ်တပ်တို့ဟာ ဆွက်ဒေသမှာ ပေါ်ပေါက်လာနေတဲ့ ဒီ ခြိမ်းခြောက်မှုအခြေအနေကို ခုချိန်အထိ ဖြေရှင်းမပေးနိုင်သေး တာပဲဖြစ်တယ်” ဟု Daily Times မီဒီယာက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly