မလေးရှား အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆို 

မလေးရှား အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆို 
Photo - EPA

နိုဝင်ဘာ ၂၅

မလေးရှားနိုင်ငံ၏ ကာလကြာရှည် အတိုက်အခံခေါင်းဆောင်ဖြစ်သော အန်ဝါ အီဗရာဟင်သည် ကွာလာလမ်ပူ၌ ဘုရင်၏ ရှေ့မှောက်တွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာဆိုကာ ပြတ်သားသည့် ရလဒ်မထွက်ပေါ်သည့် ရွေးကောက်ပွဲမဲကြောင့် ငါးရက်တာ နိုင်ငံရေး ချောင်ပိတ်မိနေခြင်းက အဆုံးသတ်ပြီ ဖြစ်သည်။ 

၁၉၅၇ ခုနှစ် လွတ်လပ်ရေး ရချိန်မှစကာ ပထမဆုံးအဖြစ် မည်သည့်ပါတီကမျှ အစိုးရဖွဲ့ရန် လုံလောက်သော မဲမရရှိဘဲ ဖြစ်၍ မလေးရှားသမိုင်းတွင် အထူးခြားဆုံး ဖြစ်ခဲ့သည့် ရွေးကောက်ပွဲ ရလဒ် မပြတ်သားမှုကို အမျိုးသားနန်းတော်၌ ကျင်းပသည့် ကျမ်းသစ္စာဆိုပွဲအားဖြင့် အဆုံးသတ်လိုက်သည်။ 

အန်ဝါ၏ ယခုကဲ့သို့ ဝန်ကြီးချုပ်အဖြစ် ကျမ်းဆိုမှုသည် ၎င်း၏ ရှုပ်ရှုပ်ထွေးထွေး နိုင်ငံရေးဘဝကိုလည်း နိဂုံးသတ်စေသည်။ အန်ဝါသည် ၎င်း လျှောက်လှမ်းခဲ့သည့် နိုင်ငံရေး ခရီးရှည်တွင် ဝန်ကြီးချုပ်အဖြစ် တက်လှမ်းနိုင်ခြင်း မရှိခဲ့သကဲ့သို့ ထောင်ကျခြင်းပင် ရှိခဲ့ကာ ရှုပ်ထွေးကြမ်းတမ်းသော နိုင်ငံရေးသမိုင်းကို ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။ 

“ကျွန်တော်ကတော့ အကျင့်ပျက်ခြစားမှုနဲ့ အလွဲသုံးစားမှုတွေကို သည်းခံမှာ မဟုတ်ဘူး၊ ကျွန်တော် အစိုးရလက်အောက်မှာ ဘယ်သူ့ကိုမျှ မျက်နှာသာ ပေးမှာ မဟုတ်ဘူး”ဟု အန်ဝါက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

စီးပွားရေးကို ဦးတည်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။ 

“ဒါဟာ အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရပါ၊ အားလုံးကို ကြိုဆိုတယ်၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုရဲ့ မူဘောင်တွေကို လက်ခံတယ်ဆိုရင် ကြိုဆိုနေမှာ ဖြစ်တယ်၊ အကျင့်ပျက်ခြစားမှု မရှိစေရဘူး၊ မလေးရှားပြည်သူတွေအတွက် မလေးရှားနိုင်ငံဖြစ်ရမယ်”ဟု အန်ဝါက ပြောသည်။ 

၎င်း၏ တိုင်းရင်းသား ပေါင်းစုံ Pakatan Harapan ညွန့်ပေါင်းအဖွဲ့သည် ဘော်နီယိုကျွန်းရှိ ဆာရာဝတ်ပြည်နယ်တွင် ယခင် အာဏာရအဖွဲ့ Barisan Nasional နှင့် အခြားပါတီတို့မှ အမတ်နေရာများ ရရှိပြီးနောက် အများစု အမတ်နေရာ ရရှိကြောင်း အန်ဝါက ပြောသည်။ 

အန်ဝါ၏ ညွန့်ပေါင်းဖွဲ့ရေး စည်းရုံးလှုံ့ဆော်မှုတွင် အာဏာအလွဲသုံးစားမှု တိုက်ဖျက်ရေးကို အဓိကထားပြီး ရွေးကောက်ပွဲတွင် ၈၂ နေရာဖြင့် အများဆုံးနေရာ ရရှိခဲ့သည်။ ၇၃ နေရာသာ ရရှိသည့် ယခင် ဝန်ကြီးချုပ်ဟောင်း မူဟီဒင် ယာဆင်၏ Perikatan Nasional ပါတီထက် ရှေ့က ဦးဆောင်နေခြင်းဖြစ်သော်လည်း ယှဉ်ပြိုင်ဖက်ကို အသာရသည့် လိုအပ်သော မဲအရေအတွက် ၁၁၂ မဲကို ပြည့်မီခြင်း မရှိဖြစ်နေသည်။  

၎င်းတို့ နှစ်ဦးအား ဘုရင်က ယခု သီတင်းပတ်အတွင်း ဆင့်ခေါ်ကာ ယခုကဲ့သို့ နိုင်ငံရေး ချောင်ပိတ်နေသည့် အခြေအနေကို ကျော်လွှားရန် ကြိုးစားခဲ့သော်လည်း သဘောတူညီချက် မရဘဲ ဖြစ်ခဲ့သည်။ ယင်းနောက် ဘုရင်သည် အခြားသော သစ္စာခံများနှင့်အတူ အထူးအစည်းအဝေးကို ကြာသပတေးနေ့က ခေါ်ယူပြီးနောက် အန်ဝါအား ဝန်ကြီးချုပ်အဖြစ် နန်းတော်မှတစ်ဆင့် ကြေညာခဲ့ခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။)  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly