အင်ဒိုနီးရှား၌ ငလျင်လှုပ်ပြီး ၂ ရက်အကြာ အသက် ၆ နှစ်အရွယ် ကလေးငယ်ကို ကယ်တင်နိုင်

အင်ဒိုနီးရှား၌ ငလျင်လှုပ်ပြီး ၂ ရက်အကြာ အသက် ၆ နှစ်အရွယ် ကလေးငယ်ကို ကယ်တင်နိုင်
Photo - Reuters/AFP

နိုဝင်ဘာ ၂၄

အင်ဒိုနီးရှားနိုင်ငံတွင် လူအသေအပျောက်များစေခဲ့သော အားပြင်းငလျင်တစ်ခု လှုပ်ပြီး နှစ်ရက်အကြာတွင် အပျက်အစီး အုတ်ကျိုးအုတ်ပဲ့များအောက်မှ အသက် ခြောက်နှစ်အရွယ် ယောကျ်ားလေး ကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့သည်။ အက်ဇ်ကာ အမည်ရ ထိုကလေးငယ်သည် အပျက်အစီးများအောက်တွင် အစားအစာ သို့မဟုတ် ရေ မရှိဘဲ နှစ်ရက်ကြာ နေခဲ့ရပြီး ၎င်းအား ကယ်ဆယ်ရေးအဖွဲ့များက “အံ့ဩဖွယ်ရာ မျက်လှည့်ဆန်ဆန်” ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၃ ရက် ညနေခင်းက ကင်မရာဖြင့် ရိုက်ကူးမိထားသည့် အံ့ဩဖွယ် ကယ်တင်နိုင်ခဲ့မှုဖြစ်စဉ်ကြောင့် ငလျင်လှုပ်ပြီး ရက်များအကြာ အခြား အသက်ရှင်ကျန်ရစ်နေနိုင်သူများကိုလည်း အပျက်အစီးများအောက်မှ အသက်ရှင်လျက် ကယ်တင်နိုင်သေးသည် ဆိုပြီး မျှော်လင့်ချက်များကို ရှင်သန်လာစေခဲ့သည်။

အနောက်ဂျာဗားကျွန်း စီယန်ဂျာမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက် လှုပ်ခဲ့သည့် အားပြင်းငလျင်ကြောင့် လူ ၂၇၁ ဦးထက်မနည်း သေဆုံးခဲ့သည်။

“အက်ဇ်ကာကို အသက်ရှင်လျက် တွေ့လိုက်ရချိန်မှာ ကျွန်တော် အပါအဝင် လူတိုင်း မျက်ရည် ကျခဲ့ကြတယ်။ ဒါက အင်မတန်ကို စိတ်လှုပ်ရှားစရာဖြစ်ပါတယ်။ မျက်လှည့်တစ်ခုလို ခံစားလိုက်ရတယ်” ဟု အသက် ၂၈ နှစ်ရှိ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားတစ်ဦးဖြစ်သည့် ဂျက်ခ်ဆန်က အေအက်ဖ်ပီကို နိုဝင်ဘာ ၂၄ ရက်တွင် ပြောသည်။

စီယန်ဂျာ၏ ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရသော ကူဂျီနန် ခရိုင်ရှိ ပျက်စီးပြိုကျနေသော အိမ်တစ်လုံးမှ အက်ဇ်ကာကို ကယ်ဆယ်ရေးလုပ်သားများက ဆွဲထုတ်ကယ်တင်နိုင်ခဲ့ပုံကို ဗီဒီယိုတစ်ခုတွင် မြင်ရနိုင်ပြီး ထိုဗီဒီယိုတွင် အက်ဇ်ကာကို ၎င်း ပိတ်မိချိန်ကတည်းက ဝတ်ထားသည့် အင်္ကျီအပြာ၊ ဘောင်းဘီရှည်တို့နှင့်အတူ တွေ့ရသည်။

ကယ်ဆယ်ရေးလုပ်သားတစ်ဦးက အပျက်အစီးများတွင် ဖြတ်တောက် ဖောက်ထားသည့် အပေါက်တစ်ခုထဲမှ အက်ဇ်ကာကို ဆွဲထုတ်ခဲ့ပြီး ထို့နောက် လက်နှစ်ဖက်စလုံးနှင့် တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့သလို ထိုအချိန်တွင် လိမ္မော်ရောင် ဦးထုပ်ဆောင်းထားသည့် အခြားကယ်ဆယ်ရေးသမားတစ်ဦးကလည်း ၎င်းတို့အနား ပြေးလာပြီး ကောင်လေး၏ လက်ကိုဖမ်းဆုပ်ကိုင်ခဲ့ပုံကို အနောက်ဂျာဗားပြည်နယ် ဘိုဂေါ ခရိုင် အုပ်ချုပ်ရေးအဖွဲ့က ပြသသည့် ရုပ်သံတစ်ခုတွင် မြင်တွေ့ရသည်။

အက်ဇ်ကာ၏ မိခင်ဖြစ်သူသည် ငလျင်ကြောင့် သေဆုံးခဲ့ပြီး သူမ၏ အလောင်းကို အက်ဇ်ကာကို မကယ်တင်နိုင်ခင် နာရီပိုင်းအကြာက ရှာတွေ့ခဲ့ကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

အက်ဇ်ကာကို ၎င်း၏ သေဆုံးသွားသည့် အဘွားဖြစ်သူ၏ နံဘေးတွင် တွေ့ခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာ ဂျက်ခ်ဆန်က ပြောသည်။

ငလျင်လှုပ်ချိန်တွင် ပြိုလဲလာသည့် နံရံတံတိုင်းတစ်ခုကို အခြားနံရံတစ်ခုက ကြားက ခံပေးသလို ဖြစ်ခဲ့သည့်အတွက် အက်ဇ်ကာအပေါ် မပိခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

“သူ့ကို အိမ်ရဲ့ ဘယ်ဘက်ခြမ်းမှာ တွေ့ခဲ့တာပါ။ အိပ်ရာတစ်ခုပေါ်မှာပေါ့။ သူ့ကို ခေါင်းအုံးတစ်ခုက ကာကွယ်ပေးခဲ့သလို သူနဲ့ ကွန်ကရစ်ပြားအကြား ၁၀ စင်တီမီတာလောက် အဟပဲ ရှိပါတော့တယ်” ဟု မစ္စတာ ဂျက်ခ်ဆန်က ပြောသည်။ “နေရာက အဲလောက်ထိ အင်မတန် ကျဉ်းခဲ့သလို၊ မှောင်ကလည်း မှောင်၊ ပူကလည်း ပူနေသလို လေရဖို့အတွက်တောင် လုံလောက်တဲ့ အပေါက်လည်း မရှိခဲ့ဘူး”

“သူ့ကို ၄၈ နာရီ ကြာပြီးနောက်ပိုင်း  ခုလို အသက်ရှင်လျက် ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ မထင်ခဲ့ပါဘူး။ တကယ်လို့ သိများသိရင် ကျွန်တော်တို့အရင် ညဘက်ကတည်းက ပိုပြီး အပြင်းအထန် အားစိုက်ခဲ့မှာပေါ့” ဟု ၎င်းက ပြောသည်။ “ကျွန်တော် စေတနာ့ဝန်ထမ်း လုပ်လာတဲ့ နှစ်တွေအတွင်း ဒါမျိုးကို တခါမှ မကြုံခဲ့ဖူးဘူး။ ခုကျတော့ ကျွန်တော် မျက်ရည်မကျအောင် ဘယ်လိုမှ မထိန်းနိုင်ခဲ့ဘူး”

အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူများထဲတွင် စာသင်ကျောင်း သို့မဟုတ် နေအိမ်များ၌ ပိတ်ညပ်မိရင်း သေဆုံးခဲ့သည့် ကလေးများ ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly