အာရှ-ပစိဖိတ်ဒေသအား ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံရေးကို နိုင်ငံရေးဇာတ်သွင်းခြင်းအပေါ် တရုတ် သမ္မတ ကန့်ကွက်

အာရှ-ပစိဖိတ်ဒေသအား ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံရေးကို နိုင်ငံရေးဇာတ်သွင်းခြင်းအပေါ် တရုတ် သမ္မတ ကန့်ကွက်

တရုတ်သမ္မတ ရှီကျင့်ဖျင့်က ဒေသတွင်းနိုင်ငံများအကြား နက်နက်ရှိုင်းရှိုင်း၊ ခွဲခြားဆက်ဆံမှုမရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကို နိုဝင်ဘာ ၁၇ရက် က တောင်းဆိုခဲ့သလို စစ်အေးတိုက်ပွဲသစ် ဖြစ်ရန် ကြိုးပမ်းမှုတိုင်းအတွက် အာရှ-ပစိဖိတ် ဒေသက ထောက်ခံမှာ မဟုတ်ကြောင်း ပြောကြားလိုက်သည်။

"အာရှ-ပစိဖိတ်ဒေသက တစ်စုံတစ်ယောက်ရဲ့ အိမ်နောက်ဘက်ကွက်လပ် မဟုတ်လို့ အင်အားကြီး နိုင်ငံတွေ ပြိုင်ဆိုင် ရမယ့် နေရာမဟုတ်ပါဘူး။ စစ်အေးတိုက်ပွဲသစ်ကို ဆင်နွှဲဖို့ ခေတ်ကာလအခြေအနေနဲ့ ပြည်သူတွေက ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ၎င်းက အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Apec) အမှုဆောင်ထိပ်သီး အစည်း အဝေးတွင် ဒေသတွင်းနှင့် စီးပွားရေးခေါင်းဆောင်များထံ စာရေးသားပေးပို့ခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဖြန့်ဝေသော သဘောထားမှတ်ချက်တွင် “အဆင့်မြင့်မြင့်ပူးပေါင်းဆောင် ရွက်ရေး” အတွက် ကြိုးပမ်းရန် ဒေသတွင်းနိုင်ငံများကို သမ္မတရှီက တိုက်တွန်းခဲ့သည်။

"ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတွေနဲ့ အခြားနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေ ပေါင်းစပ်ပြီး အရည်အသွေးမြင့် အာရှ-ပစိဖိတ် ဆက်သွယ်မှုကွန်ရက်ကို ပူးတွဲတည်ဆောက်နိုင်အောင် ကြိုးပမ်းသွားပါမယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း နိုင်ငံတကာခေါင်းဆောင်များနှင့် ထိပ်သီးတွေ့ဆုံပွဲများ ဆက်တိုက်ပြုလုပ်ခဲ့သည့် ရှီက ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောရန် စီစဉ်ထားသော်လည်း အချိန်မရခြင်းကြောင့် လူကိုယ်တိုင် မိန့်ခွန်းမ ပြောကြားနိုင်ခဲ့ကြောင်း အစည်းအဝေးစီစဉ်သူများက ပြောကြားခဲ့သည်။

“တစ်ဖက်သတ်ဝါဒနဲ့ အကာအကွယ်ပေးရေးဝါဒကို အားလုံးက ငြင်းပယ်သင့်ပါတယ်။ စီးပွားရေးနဲ့ ကုန်သွယ် ရေး ဆက်ဆံရေးကို နိုင်ငံရေးဇာတ်သွင်းတာနဲ့ လက်နက်အဖြစ် အသုံးပြုတာမျိုးကိုလဲ အားလုံးက လက်မခံ သင့်ပါဘူး” ဟု ၎င်း၏ မှတ်ချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် အမေရိကန်ကို အမည်မဖော်ပြသော်လည်း အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နှင့် အမေရိကန် အကြား စီးပွားရေးနှင့် နိုင်ငံရေး အကွဲအပြဲများ ကြီးထွားလာသဖြင့် တင်းမာမှုများ တိုးမြင့်လာနေသည်။

ယခုသီတင်းပတ် အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် ကျင်းပသည့် ဂျီ-၂၀ အဖွဲ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ရှီက အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို တောင်းဆိုခဲ့ပြီး “အုပ်စုဖွဲ့ခြင်းနှင့် အုပ်စုလိုက် ထိပ်တိုက်တွေ့မှု” ကို ပြစ်တင်ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly