ကြက်ဖကြီးအကောင့်ပိုင်ရှင်ဟု စွပ်စွဲခံရသူ ကိုလှဘုန်းအား မတ်လ ၉ ရက်တွင် ထပ်မံစစ်ဆေးမည်

ကြက်ဖကြီးအကောင့်ပိုင်ရှင်ဟု စွပ်စွဲခံရသူ ကိုလှဘုန်းအား မတ်လ ၉ ရက်တွင် ထပ်မံစစ်ဆေးမည်

ရန်ကုန်၊ မတ် ၄ ။ ။ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်သားများ၏ ဓာတ်ပုံများကို ဖိုတိုရှော့နည်းပညာဖြင့် ဖျက်ကာ အသေရေပျက်ပြားအောင် ရေးသားလုပ်ဆောင်မှုများ လုပ်နေသည့် ကြက်ဖကြီးအကောင့်ပိုင်ရှင်ဟု စွပ်စွဲကာ ဖမ်းဆီးထားသော ကိုလှဘုန်းအား မတ်လ ၄ ရက်က မရမ်းကုန်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ သက်သေခံတင်သွင်းသော ဓာတ်ပုံများသည် မချောစန္ဒီထွန်း (ခေါ်) ချစ်သမီးအား တရားစွဲဆိုစဉ်တင်ပြခဲ့သော သက်သေဓာတ်ပုံများနှင့် တူနေကြောင့် စွပ်စွဲခံရသူဘက်မှ လိုက်လံဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မီဒီယာများကို ပြောကြားခဲ့သည်။

“ချောစန္ဒီထွန်းအမှုမှာ တင်သွင်းလာတဲ့ ဓာတ်ပုံတွေကလည်း ဒီမှာ တင်သွင်းလာတဲ့ပုံတွေနဲ့ ထပ်တူထပ်မျှ တူနေတယ်။ အဲဒီတော့ တစ်စုံ တစ်ဦးဟာ တပ်မတော်နဲ့ ပြည်သူကြားမှာ သွေးမကွဲကွဲအောင် အင်အားသုံးပြီး တစ်နည်းပြောရရင် ဂျီပုန်းတွေက လိုက်ဒုက္ခပေးနေတယ်။ အခြားမပြောပါနဲ့ ကျွန်တော်အကောင့်တောင် လိုက်ဒုက္ခပေးပြီး ယူသွားတယ်။ ကျွန်တော်သူမသိဘဲ မတော်မရော်ပုံတွေတင်လိုက်ရင် ကျွန်တော်က ၆၆ ဃ ဖြစ်မှာ။”  ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ထို့ပြင် တရားစွဲဆို တရားလိုပြုလုပ်သူ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဦးစီးအရာရှိ ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်အား ဖေ့ဘုတ်ပေါ်တွင် ကြက်ဖကြီးအကောင့်ဆိုသော ဖော်ပြချက်အား မည်သို့သိပါသလဲ ဟု တရားခွင်တွင် ရှေ့နေဦးရောဘတ်စန်းအောင်၏ မေးမြန်းချက်အပေါ် ကျွန်တော်အနေဖြင့် ဖေ့ဘုတ်မသုံးသော်လည်း၊ ဖေ့ဘုတ်စောင့်ကြည့်ရေးအဖွဲ့များ၏ တင်ပြမှုကြောင့်၎င်း၊ ဖေ့ဘုတ်သုံးသော ပတ်ဝန်းကျင်ထံမှ၎င်း ကြက်ဖကြီးအကောင့်တင်ထားသော ပို့စ်များအား သိမြင်၊ တွေ့မြင်နိုင်ပါသည်ဟု ဖြေကြားခဲ့သည်။

ထိုဖြေကြားချက်နှင့် ပတ်သက်ပြီး ဦးရောဘတ်စန်းအောင်က “ဒီအမှုနှင့်ပတ်သက်ပြီး တရားလိုလုပ်တဲ့သူကိုယ်တိုင်က ဖေ့ဘုတ်သုံးတဲ့သူ မဟုတ်ဘူး။ ဖေ့ဘုတ်သုံးတဲ့သူမဟုတ်တော့ သူတို့ဆီက စိစစ်ရေးအဖွဲ့ အစည်းအဝေးတင်ပြတဲ့အတွက် တရားလို လုပ်ရခြင်းသာ ဖြစ်ပါတယ်။ သူသည် ဖေ့ဘုတ်ကိုသုံးလည်းမသုံးဘူး။ သိလည်းမသိဘူး။ ဒါပေမယ့် သူဖော်ပြတဲ့ ကြက်ဖကြီးဆိုတဲ့ အကောင့်ရဲ့view ဆိုတဲ့ပုံက အခုစွပ်စွဲခံထားရတဲ့သူရဲ့ပုံလည်း မဟုတ်ဘူး။ သူ့အနေနဲ့ကတော့ ဂဃနဏမသိဘူး။ သူတို့ဆီကို စိစစ်တင်ပြလာတဲ့ ဗိုလ်ကြီးငြိမ်းချမ်းသူတို့ကတော့ သိတယ်လို့ ပြောတယ်ပေါ့။ သူကို နောက်တစ်ပတ်ရုံးချိန်းမှာ သက်သေအဖြစ်ခေါ်ယူစစ်ဆေးမှာပါ”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားခွင်စစ်ဆေးအပြီး စွပ်စွဲခံရသူ ကိုလှဘုန်းအား မီဒီယာများက မေးမြန်းရာတွင် ကိုလှဘုန်းက
“ဒီနေ့ တရားခွင်မှာ ကျွန်တော့်ကို ကြက်ဖကြီးလို့ တစ်ဖန်တလဲလဲ စွပ်စွဲနေပါတယ်။ ကျွန်တော်မဟုတ်တဲ့အကြောင်း ရင်ဆိုင်သွားမယ်။ ကျွန်တော်ကြက်ဖကြီးမဟုတ်တဲ့အကြောင်းကို ဆက်ပြီး ရင်ဆိုင်ဖြေရှင်းသွားမှာပါ ”ဟု ပြောကြားခဲ့သည်။

နောက်တစ်ပတ်ရုံးချိန်းကို မတ်လ ၉ ရက်တွင် ချိန်းဆိုခဲ့ပြီး၊ နောက်တစ်ပတ်တွင် သက်သေများကို စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly