ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ ပရိသတ်တွေ 'မှန်ကန်'ကြောင်း ဒတ်ခ်ျနည်းပြ ဗန်ဂါးလ် ပြော

ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ ပရိသတ်တွေ 'မှန်ကန်'ကြောင်း ဒတ်ခ်ျနည်းပြ ဗန်ဂါးလ် ပြော

နယ်သာလန်နည်းပြ လူးဝစ် ဗန်ဂါးလ်က ကာတာမှာ ကမ္ဘာ့ဖလားကို သပိတ်မှောက်တဲ့ ပရိသတ်တွေဟာ "ဒီလိုလုပ်တာ မှန်ကန်"ပေမယ့် သူ့အသင်းဟာ အိမ်မှာရှိတဲ့ ပရိသတ်တွေ သူတို့ကို ရုပ်မြင်သံကြားကနေ အားပေးကြည့်ရှုဖို့ ဆွဲဆောင်နိုင်လောက်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

“သူတို့ မှန်တယ်လို့ သူတို့ယုံကြည်တဲ့အတွက် အဲဒါပြဿနာမရှိပါဘူးလို့ ကျနော် ထင်တယ်”လို့ ကာတာကို အရင်နေ့က ရောက်ရှိပြီးနောက်ပိုင်း ဒတ်ခ်ျအသင်း ပထမဆုံးအကြိမ် လေ့ကျင့်မှုမပြုလုပ်မီ ဗန်ဂါးလ်က ပြောပါတယ်။

"ကျနော်တို့ ဖိုင်နယ်ကို ယှဉ်ပြိုင်ကစားတဲ့အခါ သူတို့က ရုပ်မြင်သံကြားကနေ ကြည့်ရှုပြီး ကျနော်တို့ ဘယ်လောက်ကောင်းလဲဆိုတာကို မြင်တွေ့ရမှာပါ။ ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ ကျနော်တို့ အရမ်းကောင်းအောင် ကစားနိုင်တယ်လို့ ကျနော် မျှော်လင့်ပါတယ်။"

ရွှေ့ပြောင်းအလုပ်သမားတွေ၊ အမျိုးသမီးတွေနဲ့ LGBTQ အသိုက်အဝန်းကို ကာတာရဲ့ ဆက်ဆံမှုက မီးမောင်းထိုးပြနေတာကြောင့် အထူးသဖြင့် ဥရောပက ပရိသတ်တချို့ဟာ တနင်္ဂနွေနေ့မှာ စတင်မယ့် ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ ကတိပေးထားပါတယ်။

ပြိုင်ပွဲကာလအတွင်း ဘောလုံးကို အာရုံစိုက်ဖို ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုရဲ့ တောင်းဆိုမှုကို ဒတ်ခ်ျအက်ဖ်အေက မကြာသေးခင်က ဝေဖန်ခဲ့ပြီး ကြာသပတေးနေ့မှာ နယ်သာလန်အသင်းဟာ ကာတာမြို့တော်မှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဝါရင့် ဒတ်ခ်ျနည်းပြ ဗန်ဂါးလ်က ကမ္ဘာ့ဖလားကို ကာတာကို ပေးအပ်ကျင်းပဖို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ "အဓိပ္ပါယ်မရှိဘူး"လို့ ဒီနှစ်အစောပိုင်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ဝေဖန်ခဲ့ပါတယ်။

"ဘောလုံးအားကစားနိုင်ငံတွေမှာ ကစားရမယ်လို့ ကျနော်ထင်မိတယ်။ (သူတို့မှာ) အရာအားလုံးနဲ့ ပတ်သက်ပြီး ပိုအတွေ့အကြုံရှိတယ်"လို့ သူက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဒါပေမယ့်လည်း သူက “ကာတာမှာ လုံးဝခြားနားတဲ့ ယဉ်ကျေးမှုရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ ကျနော်တို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကိုလည်း ကြည့်ပြီး အိမ်မှာ ရှိတဲ့ အရာတွေက တကယ်ကြီး ကောင်းမြတ်သလားဆိုတာ မြင်တွေ့နိုင်မှာပါ။"လို့ ဆိုပါတယ်။

“ဒါပေမယ့်လည်း သူတို့ဟာ မောင်းနှင်သူဖြစ်ပြီး နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ အဲဒီနိုင်ငံကို တစ်နည်းတစ်ဖုံ ပေါင်းစည်းဖို့ (ခင်ဗျားမှာ) ရှိပါတယ်”လို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဘိုင်ယန်မြူးနစ်အသင်းနည်းပြအဖြစ် ကာတာလေ့ကျင့်ရေးစခန်းတွေကို သွားရောက်လည်ပတ်ခဲ့တဲ့ အတွေ့အကြုံရှိသူ ဗန်ဂါးလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"အခု ကျနော့်မိသားစုနဲ့ ကျနော့်သူငယ်ချင်းတွေက နေရာရှာဖို့ အခက်တွေ့နေတော့ အဲဒါကလည်း မှတ်ချက်တစ်ခုပဲ၊ ဒါပေမယ့် အဖွဲ့အစည်း၊ ကွင်းတွေနဲ့ အရာရာတိုင်း၊ အဆောက်အဦတွေက အရမ်းကောင်းပါတယ်။"

ကမ္ဘာ့ဖလားပြီးရင် ရာထူးက နားတော့မယ့် အသက် ၇၁ နှစ်အရွယ် ဗန်ဂါးလ်ဟာ တနင်္လာနေ့မှာ ဒိုဟာမှာ အဖွင့်ပွဲစဉ်အဖြစ် သူ့အသင်းက ဆီနီဂေါနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။

သူတို့ဟာ အုပ်စု A မှာ အိမ်ရှင် ကာတာ၊ အီကွေဒေါတို့နဲ့လည်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required