ရီးယဲလ်မက်ဒရစ်ကိုကျော်ပြီး ဘာစီလိုနာအသင်း စပိန်စံချိန်သစ်တင်

ရီးယဲလ်မက်ဒရစ်ကိုကျော်ပြီး ဘာစီလိုနာအသင်း စပိန်စံချိန်သစ်တင်

မတ် ၄၊ ဘာစီလိုနာ ။            ။ ဘာစီလိုနာအသင်းသည် ကြာသပတေးနေ့တွင် ဗယ်လ်ကာနိုအသင်းကို အနိုင်ရပြီးနောက် ပြိုင်ပွဲစုံ ၃၅ ပွဲဆက်ရှုံးပွဲမရှိရလဒ်ဖြင့် စပိန်စံချိန်သစ် တင်နိုင်ခဲ့သည်။

ကတ်တလန်ထိပ်သီးကလပ်ဘာစီလိုနာသည် ရီးယဲလ်မက်ဒရစ်အသင်းကာလရှည်တင်ရှိထားသောစံချိန်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဆီဗီလာကို ၂-၁ ဖြင့်နိုင်ပြီး လိုက်မီခဲ့ကာ ဗယ်လ်ကာနိုနှင့် ပွဲအပြီးတွင်မူ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဟူဂိုဆန်းချက်ဇ်၊ ဘူထရာဂွယ်နိုတို့ကစားနေစဉ် ၁၉၈၈-၈၉ ဘောလုံးရာသီတွင် ၂၅ ပွဲနိုင်၊ ကိုးပွဲသရေဖြင့် ရှုံးပွဲ မရှိစံချိန်တင်ထားခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာက ၂၉ ပွဲနိုင်၊ ခြောက်ပွဲသရေ၊ ရှုံးပွဲမရှိဖြင့် စံချိန်ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် ဗယ်လ်ကာနိုကို မက်ဆီ၏ဟက်ထရစ်သွင်းဂိုးများအပါအဝင် ၅-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။ လက်ရှိအသင်းအနေဖြင့် ၂၀၁၁ ခုနှစ်က ဂွာဒီယိုလာလက်ထက်တွင်တင်ရှိထားသော ၂၉ ပွဲဆက်ရှုံးပွဲမရှိသည့်စံချိန်ကိုကျော်ဖြတ်ခဲ့ပြီးဖြစ်ကာ အောက်တိုဘာတွင် ဆီဗီလာကို ၂-၁ ဖြင့်ရှုံးပြီးနောက်ပိုင်းကတည်းက ပြိုင်ပွဲစုံရှုံးပွဲမရှိရလဒ်ရယူထားသည်။

စံချိန်များအတွက်ကစားနေခြင်းမဟုတ်ကြောင်း ဘာစီလိုနာနည်းပြအင်းနရစ်က ဗယ်လ်ကာနိုနှင့်ပွဲမတိုင်မီပြောသည်။ "အခုချိန်မှာတော့ စံချိန်တွေက ကျွန်တော့်အတွက်ဘာမှမဟုတ်သေးပါဘူး။ အဲဒီစံချိန်က ရာသီကုန်မှာကျွန်တော်တို့ကိုဖလားရအောင်လုပ်ပေးနိုင်တယ်ဆိုရင် တော့ အဓိပ္ပါယ်ရှိလာပါလိမ့်မယ်"ဟု အင်းနရစ်က ဆိုသည်။

ဘာစီလိုနာအသင်းမှာ လက်ရှိတွင် လာလီဂါအမှတ်ပေးဇယားကို ရှစ်မှတ်ဖြတ်ဦးဆောင်နေပြီး ချန်ပီယံဘွဲ့ဆက်လက်ကာကွယ်ရန် အခြေအနေကောင်းနေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly