ဂျီ ၂၀ ထိပ်သီးညီလာခံ အင်ဒိုနီးရှား၌ စတင်ကျင်းပ

ဂျီ ၂၀ ထိပ်သီးညီလာခံ အင်ဒိုနီးရှား၌ စတင်ကျင်းပ

နိုဝင်ဘာ ၁၅

ယူကရိန်းစစ်ပွဲကြောင့် ပေါ်ထွက်လာသော ကမ္ဘာတစ်ဝန်း စီးပွားရေး ကျဆင်းမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ကုန်ဈေးနှုန်းများ မြင့်တက်မှုနှင့် ကြုံနေရချိန် ကမ္ဘာ့ စက်မှုအင်အားကြီးနိုင်ငံများ ဂျီ ၂၀ အုပ်စု၏ ခေါင်းဆောင်များသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ နှစ်ရက်တာ ထိပ်သီးညီလာခံကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်ကျင်းပပြီ ဖြစ်သည်။

“နတ်ဘုရားများ၏ ကျွန်း” ဟု သိကြသည့် ဘာလီကျွန်းတွင် ဂျီ ၂၀ ခေါင်းဆောင်များ စုဝေးမှုက ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ၌ ယူကရိန်းအပေါ် ရုရှ ကျူးကျော်မှုနောက်ပိုင်း ကမ္ဘာ့ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးမှု အားအကောင်းဆုံး နိုင်ငံများ၏ ပထမဆုံးသော အဓိက ကမ္ဘာ့ ညီလာခံ ဖြစ်သည်။

ထိပ်သီး ညီလာခံတွင် ခေါင်းဆောင်များသည် ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်ကိုင်တွယ်ရန်နှင့် စားနပ်ရိက္ခာ ဖြည့်ဆည်းထောက်ပံ့မှုများကို သေချာအာမခံနိုင်စေမည့် အစီအမံများနှင့်ပတ်သက်ပြီး ဆွေးနွေးသွားဖွယ် ရှိသလို ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးများကို ကပ်ရောဂါမှ ပြန်လည်နာလန်ထူလာစေရန် ကူညီနိုင်မည့် လုပ်ဆောင်ချက်များကို အဆိုပြုသွားဖွယ် ရှိသည်။

ယခုနှစ် ဂျီ ၂၀ ဥက္ကဋ္ဌ ဖြစ်သည့် အင်ဒိုနီးရှားသည် ထိပ်သီးအစည်းအဝေးအတွက် အဓိက အကြောင်းအရာခေါင်းစဉ် သုံးခုအပေါ် အာရုံစိုက်ထားပြီး ယင်းတို့မှာ ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ့ကျန်းမာရေး ဖွဲ့စည်းတည်ဆောက်ပုံစံကို အားကောင်းစေရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆီ ကူးပြောင်းမှု လုပ်ဆောင်ရေးနှင့် ဒစ်ဂျစ်တယ် စီးပွားရေး အသွင်ကူးပြောင်းမှုကို အားပေးမြှင့်တင်ရေးတို့ ဖြစ်သည်။

“ခေါင်းဆောင်များ ခင်ဗျား။ ယနေ့ ကမ္ဘာကြီးဟာဆိုရင် စိန်ခေါ်မှု တစ်ပုံတစ်ပင်နဲ့ ရင်ဆိုင်နေရပါတယ်။ အကျပ်အတည်းတွေက တစ်ခုပြီး တစ်ခု ဆိုသလို ပေါ်ပေါက်နေတယ်” ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ညီလာခံ အဖွင့်မိန့်ခွန်းတွင် ပြောသည်။

“COVID-19 ကပ်ရောဂါကြီးကလည်း မပြီးသေးပါဘူး။ ပြိုင်ဆိုင်မှုတွေက ဆက်လက် မြင့်တက်နေတယ်။ စစ်ပွဲတွေ ဖြစ်နေတယ်။ နောက်ပြီး အစားအစာ၊ စွမ်းအင်နဲ့ ဘဏ္ဍာရေး ဖိအားတွေနဲ့ ပတ်သက်လို့ အကျပ်အတည်း အမျိုးမျိုးရဲ့ သက်ရောက်ရိုက်ခတ်မှုကိုလည်း အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အပါအဝင် နိုင်ငံတကာက ခံစားနေရတယ်” ဟု ဂျိုကိုဝီက ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့သည် ယခု ဂျီ ၂၀ ညီလာခံတွင် ပါဝင်တက်ရောက်ကြသည်။ ရုရှသမ္မတ ဗလာဒီမာ ပူတင်က လူကိုယ်တိုင် တက်ရောက်မည် မဟုတ်သော်လည်း အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်နိုင်သည်။ ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ဘာလီတွင် ရောက်ရှိနေသည်။ တစ်ချိန်တည်းမှာပင် ယူကရိန်းက ဂျီ ၂၀ အဖွဲ့ဝင် မဟုတ်သော်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်မည်ဟု မျှော်လင့်ရသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required