ရှင်ကျန်းတွင် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားနေသည်ကို သိရှိထားရန် ကနေဒါရှိ ဝီဂါခေါင်းဆောင်များက ဝန်ကြီးချုပ်ကို တိုက်တွန်း

ရှင်ကျန်းတွင် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားနေသည်ကို သိရှိထားရန် ကနေဒါရှိ ဝီဂါခေါင်းဆောင်များက ဝန်ကြီးချုပ်ကို တိုက်တွန်း

တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေအနေအား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သိရှိထားရန် ကနေဒါ ပါလီမန်ဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့က အသိအမှတ်မပြုသည့်အကြောင်းရင်းကို ကနေဒါရှိ ဝီဂါအသိုင်းအဝိုင်းခေါင်းဆောင်များက ဝန်ကြီးချုပ်ဂျက်စတင် ထရူဒူးအား မေးမြန်းခဲ့သည်။

ထရူဒူးက နိုဝင်ဘာ ၇ရက်တွင် မွန်ထရီရယ်တွင် ဝီဂါခေါင်းဆောင် ၁၀ ဦးခန်နှင့် တွေ့ဆုံခဲ့ပြီး ရှင်ကျန်းနှင့် ပတ်သက်သည့် အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ပြီး အဓမ္မစေခိုင်းမှုဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းများ တင်သွင်းမှုကို တားမြစ်နိုင်ခြေ အပါအဝင် ကျယ်ပြန့်သော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

“သူက ဒါကို သိပြီး စုံစမ်းနေတယ်လို့ ပြောပါတယ်။ ကနေဒါကို အဓမ္မလုပ်အားပေးစေခိုင်းမှုနဲ့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေ ဝင်လာတာကို တားမြစ်ဖို့ စဉ်းစားနေပါတယ်လို့ သူက ပြောပါတယ်” ဟု အိုတဝါအခြေစိုက် ဝီဂါအခွင့်အရေးရရှိရေးစီမံကိန်း သို့မဟုတ် URAP မှ စီမံကိန်းခေါင်းဆောင် မာစီမော့ဗ်က RFA ၏ ဝီဂါဌာနသို့ နိုဝင်ဘာ ၈ရက်တွင် ပြောကြားခဲ့သည်။

အစည်းအဝေးစီစဉ်ပေးသူမှာ ၂၀၂၄ ခုနှစ်မှ စတင်ပြီး “ဝီဂါ ၁၀,ဝဝဝ နှင့် အခြားတာ့ခ်ကစ်မွတ်စလင်များ” အတွက် လိုအပ်သည့် အကာအကွယ်များပေးကာ အမြန်ပြည်ဝင်ခွင့်ပြုခြင်းဖြင့် တရုတ်တွင် ဆက်လက်ဖြစ်ပွား

နေသော လူမျိုးတုံးသတ်ဖြတ်မှုမှ ထွက်ပြေးလာသည့် ဝီဂါများကို အကူအညီပေးရန် ဇွန်လတွင် ပါလီမန်တွင် အဆို တင်သွင်းခဲ့သည့် လွှတ်တော်အမတ် ဆမ်မာ ဇူဘူရီဖြစ်သည်။

ပါလီမန်က အောက်တိုဘာလတွင် ယင်းအဆိုပါအစီအမံကို ထောက်ခံမဲ ၂၅၈-ဝ ဖြင့် မဲခွဲဆုံးဖြတ်ခဲ့ခြင်းက ရှင်ကျန်းပြည်နယ်အခြေအနေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အသိအမှတ်ပြုရန် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ တွင် ၂၆၆-ဝ ဖြင့် မဲခွဲခဲ့သည့် အဆိုကို ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်။

" ကနေဒါက ဝီဂါနိုင်ငံသားတိုင်းမှာ အနည်းဆုံး မိသားစုဝင်၊ အိမ်နီးချင်း ဒါမှမဟုတ် ချွေးတပ်စခန်းမှာ ပိတ် လှောင်ခံထားရတဲ့ သူငယ်ချင်းတစ်ဦးရှိတာကြောင့် ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကို အသိအမှတ်ပြုဖို့ အစိုးရက တွန့်ဆုတ်နေလို့ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို သူ့ကို ပြောပြခဲ့ပါတယ်" ဟု မာစီမော့ဗ်က ပြောကြား ခဲ့သည်။

ဝီဂါခေါင်းဆောင်များနှင့် ဝန်ကြီးချုပ်တို့ နိုဝင်ဘာ ၇ရက်က တွေ့ဆုံမှုတွင် ကနေဒါအစိုးရက ၎င်းတို့၏ အခက်အခဲကို အလေးအနက်ထား အာရုံစိုက်နေကြောင်းအား နေရာအနှံ့ရှိ ဝီဂါများထံ သတင်းစကားပါး လိုက်ခြင်းဖြစ်ကြောင်း URAP ၏ အမှုဆောင်ဒါရိုက်တာ တိုတီက ဥရောပပါလီမန်ညီလာခံ၏ ပူးတွဲအစည်းအဝေးတွင် RFA ကို ပြောကြားခဲ့သည်။

“ဒါဟာ တရုတ်ကို ပြင်းထန်တဲ့ အချက်ပြမှုပါပဲ” ဟု တိုတီက ပြောကြားခဲ့သည်။ "ဒါက ဝီဂါတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေအကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ်ကို ပြောပြဖို့ အခွင့်ကောင်းတစ်ခုဖြစ်ခဲ့ ပါတယ်။" 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required