အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ရုရှားမှ ရေနံများ တိုးမြှင့်တင်သွင်းမှုကို ထောက်ခံလိုက်ပြီး မိမိတို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းကြောင်းနှင့် တင်သွင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု နိုဝင်ဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။
ရုရှားနှင့် ကုန်သွယ်မှုကို ကန့်သတ်ရန် အနောက်နိုင်ငံများက ဖိအားပေးမှုနှင့် ပတ်သက်၍ အိန္ဒိယအစိုးရ၏ အခြေခံ တာဝန်မှာ မိမိတို့နိုင်ငံသားများ နိုင်ငံတကာဈေးကွက်များနှင့် ချိတ်ဆက်ရာတွင် တတ်နိုင်သမျှ အဆင်ပြေစေရန် ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး မေးမြန်းမှုများကို ဂျိုင်ရှန်ကာက ပြန်လည်ဖြေကြားခဲ့သည်။
ယခုကာလသည် စစ်ဖြစ်ရမည့် အချိန်အခါမဟုတ်ကြောင်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ မူဝါဒအား ထပ်မံရှင်းလင်းရာတွင် ယူကရိန်း ပြဿနာကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်မှု သက်သာစေရန်နှင့် ကမ္ဘာ့အရေးတည်ငြိမ်စေရန် မည်သည့် အစီအစဉ်ကိုမဆို ထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ဂျိုင်ရှန်ကာက ပြောကြားသည်။
ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီက အိန္ဒိယ၏ ရေနံတင်သွင်းမှုသည် ရုရှားမှ ၀ ဒသမ၂ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ပြီးခဲ့သည့်လအတွင်း ၂၂ ရာခိုင်နှုန်းသို့ မြင့်တက်ကာ နံပါတ် ၁ နေရာသို့ ရောက်ရှိခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ယယ်လန်းသည် အိန္ဒိယသို့ ယခုသီတင်းပတ်ကုန်တွင် လာရောက်ရန် ရှိပြီး အဆိုပါခရီးစဉ်အတွင်း ရုရှား၏ ရေနံဈေးနှုန်းအား ထိန်းချုပ် ကန့်သတ်ရေးတွင် အိန္ဒိယက ပါဝင်ရန် ကြိုးပမ်းသွားဖွယ်ရှိသည်။
အိန္ဒိယအနေဖြင့် ရုရှားမှ ရေနံများကို လျှော့ဈေးဖြင့် ဝယ်ယူနေသော်လည်း အမေရိကန်က အဆိုပါ ဈေးနှုန်းအား ထပ်မံလျှော့ချရန် ကြိုးပမ်းမှုသည် အိန္ဒိယအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေမည်ဟု ယယ်လန်းက ပြောကြားထားသည်။ သို့သော် အိန္ဒိယအနေဖြင့် အဆိုပါ ကမ်းလှမ်းမှုကို ထောက်ခံမည့် လက္ခဏာ ပြမထားသေးပေ။