အာဆင်နယ်အသင်း၏ လက်ရှိအခြေအနေကို နည်းပြအာစင်ဝင်းဂါး စိုးရိမ်

အာဆင်နယ်အသင်း၏ လက်ရှိအခြေအနေကို နည်းပြအာစင်ဝင်းဂါး စိုးရိမ်

လန်ဒန်၊ မတ် ၃ ။            ။ ဆွမ်ဆီးအသင်းကို အိမ်ကွင်းအမ်းမရိတ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက သုံးပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့နေရသည့် အသင်း၏လက်ရှိ အခြေအနေကို စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာကို ဝ-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်တွင် မန်ယူကို ၃-၂၊ ဆွမ်ဆီးကို ၁-၂ ရလဒ်များဖြင့် သုံးပွဲဆက် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် အာစင်ဝင်းဂါးက လက်ရှိအသင်း၏အခြေအနေမှာ စိုးရိမ်ပူပန်စရာကောင်းပြီး ချန်ပီယံဆုဖလားများအကြောင်းပြောဆိုခြင်းထက် အသင်း၏ရလဒ်ပြန်လည်ကောင်းမွန် လာရေးကိုသာ ပြုလုပ် ရမည်ဖြစ်ကြောင်း ပြောသည်။

'ဆွမ်ဆီးကို ရှုံးခဲ့တာက အလွန်ကံမကောင်းလို့ ရှုံးခဲ့ရတာပါ။ ဒီပွဲမှာ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ အသင်းရဲ့အဆုံးသတ်ပိုင်းတွေက ကံမကောင်းခဲ့ပါဘူး။ ဆွမ်ဆီးအသင်းက တစ်ပွဲလုံးမှာ ဂိုးတိုင်ထဲကို နှစ်ကြိမ်ကန်ခွင့်ရပြီး နှစ်ဂိုးရသွားခဲ့ပါတယ်။ အလွန်စိတ်ပျက်စရာကောင်းတဲ့ ရလဒ်ပါ။

လက်ရှိမှာ အသင်းရဲ့ ရလဒ်တွေအတွက် စိုးရိမ်ပူပန်မိပါတယ်။ သုံးပွဲဆက်ရှုံးခဲ့တာက အသင်းအတွက် ခက်ခဲတဲ့ အခြေအနေပါ။ အလုပ်ကို အာရုံစိုက်ပြီး ပုံစံကောင်းနဲ့ ပြန်လာနိုင်ဖို့က အခုလုပ်ရမယ့် အခြေခံအကျဆုံး အလုပ်ပါပဲ' ဟု အာစင်ဝင်းဂါးက ပြောဆိုသွားခဲ့သည်။

အာဆင်နယ်အသင်းသည် လာမည့်သုံးရက်အတွင်း လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲကျပ်ကစားရဦးမည် ဖြစ်သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly