ဟောင်ကောင်တက်ကြွလှုပ်ရှားသူများက တရုတ်၏ လုပ်ကြံသတင်းများကို တိုက်ဖျက်ရန် ထိုင်ဝမ်ကို တိုက်တွန်း

ဟောင်ကောင်တက်ကြွလှုပ်ရှားသူများက တရုတ်၏ လုပ်ကြံသတင်းများကို တိုက်ဖျက်ရန် ထိုင်ဝမ်ကို တိုက်တွန်း

နိုဝင်ဘာ ၃ ရက်က ကျင်းပသည့် Oslo Freedom Forum (OFF) ဖိုရမ်သို့ တက်ရောက်ရန် ထိုင်ဝမ်၌ ရောက်ရှိနေသော အဝေးရောက် ဟောင်ကောင် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ၂ ဦးက တရုတ်၏ မဟုတ်မမှန် လုပ်ကြံ သတင်းများကို ဆက်လက်တိုက်ဖျက်ရန်နှင့် အာဏာရှင်စနစ်ကျယ်ပြန့်လာမှုကို တွန်းလှန်ရေးအတွက် ကမ္ဘာကြီးအား ကူညီရန် ထိုင်ဝမ်ကို တိုက်တွန်းလိုက်သည်။

လက်ရှိ၌ လန်ဒန်တွင်နေထိုင် ဟောင်ကောင်ကျောင်းသားခေါင်းဆောင်နှင့်ဥပဒေပြုအမတ်ဟောင်းလည်းဖြစ် လက်ရှိ တက်ကြွလှုပ်ရှားသူလည်းဖြစ်သည့် နေသန်လောက ဖိုရမ်တိုင်မီ သတင်းရှင်းလင်းပွဲ၌ ထိုင်ဝမ်၌ တရုတ်ဝါဒဖြန့်မှုများကို ဖတ်နိုင်သော အရည်အချင်းရှိသူများစွာရှိကြောင်းနှင့် ၎င်းတို့ကို ကမ္ဘာက သိရှိနိုင်ရေး ဘာသာပြန်ပေးကြရန် ပြောကြားခဲ့သည်။

"သတင်းအတုတွေနဲ့ သတင်းအချက်အလက် စစ်ပွဲကို တန်ပြန်ဖို့ ထိုင်ဝမ်ရဲ့ ကြိုးပမ်းအားထုတ်မှုက အံ့ဩလောက် စရာပါ။ တရုတ်နိုင်ငံမှာ အလွန်ခေတ်မီတဲ့ ပြင်ပဝါဒဖြန့်ယန္တရားတစ်ခု ရှိတာကြောင့် သတင်းတု တွေကို ဆက်ပြီး တိုက်ဖျက်သင့်တယ်လို့ ထင်ပါတယ်" ဟု နေသန်လောက ဆိုသည်။

“ဟောင်ကောင်အစိုးရရဲ့ လိမ်ညာပြောဆိုမှုအများအပြားကို ကျွန်တော်တို့ တိုက်ဖျက်ခဲ့ပါတယ်။ ၃ နှစ်ခွဲအတွင်း ဟောင်ကောင်ရဲ့ အပြောင်းအလဲကို ပြန်ကြည့်တဲ့အခါ အဲဒီအချိန်ကနေ အခုအချိန်အထိ ဟောင်ကောင်ဟာ အာဏာရှင်ရဲတပ်ဖွဲ့နိုင်ငံဖြစ်လာပါပြီ။ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်နဲ့ နိုင်ငံရေးအခွင့်အရေးတွေ ဆုံးရှုံးသွားပါပြီ” ဟု နေသန်လောက ပြောသည်။

တက်ကြွလှုပ်ရှားသူများနှင့် ဂျာနစ်လစ်များကို ထောင်သွင်းအကျဉ်းချလျက်ရှိသောကြောင့် အထူးအုပ်ချုပ်ခွင့်ရ ဒေသသည် အရပ်ဖက်အဖွဲ့အစည်းကို ဖြိုခွင်းရာနေရာတစ်ခုဖြစ်လာသည်ဟု ၎င်းက ဆိုသည်။

“ဒါဟာ တရုတ်ကွန်မြူနစ်ပါတီက ကမ္ဘာနဲ့ ထိုင်ဝမ်ကို အမှန်တကယ် ခြိမ်းခြောက်နေတယ်ဆိုတာ အထင်အရှား ပြသမှုပါပဲ” ဟု နေသန်လောက ပြောကြားခဲ့သည်။

နေသန်လောသည် ဟောင်ကောင်တွင် အသက်အငယ်ဆုံး ဥပဒေပြုကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသော်လည်း တရုတ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပြီးနောက် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် သူ၏အောင်မြင်မှုမှာ အလှည့်အပြောင်းဖြစ်သွားခဲ့ကြောင်း OFF ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ နေသန်လောသည် ၂၀၁၄ ခုနှစ်က Umbrella Movement တွင် ပါဝင်မှုကြောင့် အစောပိုင်းက ထောင်ကျခဲ့ဖူးသည်။

ဟမ်ဘာ့ဂ်တက္ကသိုလ်တွင် ဥပဒေပါရဂူတန်းတက်နေသည့် နိုင်ငံရေးနှင့် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ချန်းချင်းကွမ်က ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများမလုပ်ဆောင်မီ မမှန်မကန်သတင်းများကို ခွဲခြားသိမြင်နိုင်စေရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

"သတင်းအတုတွေကို ဘယ်လိုရှာဖွေရမလဲဆိုတာ ပြည်သူတွေကို အသိပညာပေးပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ မှားယွင်းမှုတွေကို မြင်လာနိုင်မှာပါ" ဟု ကွမ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required