ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေး ဗျူရိုက တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ဆက်နွှယ်နေသော တရုတ်နိုင်ငံသား ၂၁ ဦးကို ပြည်နှင်ဒဏ် ပေးလိုက်သည်။
လူဝင်မှုကြီးကြပ်ရေးဗျူရို (BI) သည် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ဆက်နွှယ်သော နေရပ်ပြန်ပို့မှု ဒုတိယအသုတ်ကို ကြေညာလိုက်သည်” ဟု ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေး ဗျူရို၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသား နောက်ထပ် ၂၁ ဦးကို တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ဖိလစ်ပိုင်လေကြောင်းလိုင်းဖြင့် နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းက ပို့လိုက်သည်ဟု BI ကော်မရှင်နာ နော်မန်တန်ဆင်ကိုက ပြောသည်။
အောက်တိုဘာ ၁၉ ရက်က တရုတ်နိုင်ငံသား ၆ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီးနောက် ဒုတိယအသုတ် ထပ်မံပို့ဆောင်ခြင်းဖြစ်သည်။
တရားမဝင်အွန်လိုင်းလောင်းကစားမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဒေသတွင်းတရားဥပဒေစိုးမိုးရေးအေဂျင်စီများ၏ ဖမ်းဆီးခြင်းခံခဲ့ရသော တရုတ်နိုင်ငံသားအများစုပါသည့် နိုင်ငံခြားသား ၃၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း BI က အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
“တရားမဝင် လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို နေရပ်ပြန်ပို့ပြီး နာမည်ပျက်စာရင်းသွင်းမှာပါ။ ဒီနိုင်ငံအတွင်း လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို တရားဝင် လိုက်နာတဲ့ နိုင်ငံခြားသားတွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု ဖန်တီးပေးဖို့ပါ” ဟု တန်ဆင်ကိုက ဆိုသည်။
နေရပ်ပြန်ပို့ခံရသူများ၏ ခရီးသွားအထောက်အထားများ အလျင်အမြန် ထုတ်ပြန်နိုင်စေရေးအတွက် တရုတ်သံရုံးနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေကာ မကြာမီ နောက်ထပ် တစ်သုတ်ကို ပို့နိုင်မည်ဟု မျှော်လင့်ရကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုကော်မရှင်နာ နော်မန်တန်ဆင်က ပြောသည်။