ပါကစ္စတန်နှင့် တရုတ်နိုင်ငံ စီးပွားရေးစင်္ကြံတိုးချဲ့ရန် သဘောတူညီ

ပါကစ္စတန်နှင့် တရုတ်နိုင်ငံ စီးပွားရေးစင်္ကြံတိုးချဲ့ရန် သဘောတူညီ

တရုတ်နိုင်ငံသို့ ၂ ရက်ကြာခရီးသွားရောက်ခဲ့သော ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ်ရှာရစ်ဖ်သည် နိုဝင်ဘာ ၂ ရက်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို အလေးထားဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသလို ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်လည်း ဆွေးနွေးခဲ့ကြကြောင်း Geo News က ဖော်ပြခဲ့သည်။

ရှာဘက်ဇ်သည် ဝန်ကြီးချုပ် လီခေ့ချန်၏ ဖိတ်ကြားချက်အရ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ်ရောက်လာခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးသည် အဓိကအားဖြင့် CPEC စီမံကိန်းကို ပြန်လည်အသက်သွင်းရန် ရည်ရွယ်သည်။

“ဝန်ကြီးချုပ် မာမွတ်ရှာဘက်ဇ်ရှာရစ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ကာ ခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေးနယ်ပယ်အားလုံးတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် CPEC စီမံကိန်းများကို ဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် သဘောတူညီခဲ့ကြသည်” ဟု ပါကစ္စတန် ၀န်ကြီးချုပ်ရုံး၏ တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ်က ပါကစ္စတန်ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးမည့် လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုခေတ်သစ်တွင် အကောင်အထည်ဖော်ရန် CPEC ၏ ဒုတိယအဆင့်ကို မျှော်လင့် ထားကြောင်း ပြောခဲ့သည်ဟု Geo News က ဖော်ပြခဲ့သည်။

နိုင်ငံတကာ သို့မဟုတ် ပြည်တွင်း အခြေအနေများ မည်သို့ပင် ပြောင်းလဲလာစေကာမူ တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးသည် မျိုးဆက်တစ်ခုမှ တစ်ခုသို့ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက ပြောကြားခဲ့သည်။

CPEC သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပါကစ္စတန်နိုင်ငံ အနောက်ဘက် ဘာလိုချီစတန်ပြည်နယ်ရှိ ဂွါဒါဆိပ်ကမ်းတို့ကို ဆက်သွယ်ထားသည့် ကီလိုမီတာ ၃၀၀၀ ရှည်လျားသော အခြေခံအဆောက်အအုံစီမံကိန်းလမ်းကြောင်းဖြစ်သည်။

ပါကစ္စတန်နှင့် တရုတ်နိုင်ငံအကြား စီမံကိန်းတစ်ခုဖြစ်ပြီး စွမ်းအင်၊ စက်မှုနှင့် အခြားသော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့်အတူ အဝေးပြေးလမ်းများ၊ ရထားလမ်းများနှင့် ပိုက်လိုင်းများကွန်ရက်အား ပါကစ္စတန်နှင့် ချိတ်ဆက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။

သို့သော် CPEC သည် ဒေသတွင်း လူမျိုးစုပျံ့နှံ့မှုကို ခြိမ်းခြောက်နေသောကြောင့် ဘာလိုချီစတန်ရှိ သောင်းကျန်းသူများက စီမံကိန်းကို ဆန့်ကျင်လျက်ရှိသည်။ ဘာလိုချီစတန်တွင်တည်ရှိသော ဂွါဒါဆိပ်ကမ်းသည် စီးပွားရေးစင်္ကြံ၏အောင်မြင်မှု၏သော့ချက်ဖြစ်သောကြောင့် ယင်းသောင်းကျန်းသူအဖွဲ့၏ ဆန့်ကျင်မှုက CPEC အတွက် ခြိမ်းခြောက်မှုဖြစ်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required