တရုတ်က ပါကစ္စတန်နှင့် စီးပွားရေးစင်္ကြံ စီမံကိန်းအတွက် ငွေကြေးသုံးစွဲမှု လျော့လာနိုင်

တရုတ်က ပါကစ္စတန်နှင့် စီးပွားရေးစင်္ကြံ စီမံကိန်းအတွက် ငွေကြေးသုံးစွဲမှု လျော့လာနိုင်

ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘတ်ရှာရစ်ဖ်သည် ၂ ရက်ကြာခရီးစဉ်အဖြစ် တရုတ်သို့ ရောက်ရှိလာပြီး တရုတ်သမ္မတရှီကျင့်ဖျင် သမိုင်းဝင်တတိယသက်တမ်း ရယူပြီးနောက် ပြည်ပခေါင်းဆောင်တစ်ဦး ပထမဆုံးလာရောက်ခြင်းဖြစ်သည်။

ရှက်ဘက်ရှာရစ်ဖ်သည် ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့ရန် အလေးထားဆွေးနွေးခဲ့သည်။

ရှာရစ်ဖ်နှင့်ရှီ တွေ့ဆုံမှု အပြီးတွင် နှစ်ပေါင်းများစွာ ဆိုင်းငံ့ထားသည့် CPEC စီမံကိန်းများစွာကို မြှင့်တင်နိုင်လိမ့်မည်ဟု ပါကစ္စတန်အစိုးရက မျှော်လင့်နေကြောင်း ဆောင်းပါးရှင် မာရီယမ်ဆူလီမန်အန်နက်စ်က The Diplomat မဂ္ဂဇင်းတွင် ရေးသားထားသည်။

"အရေးကြီးတာက ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့က ရင်းနှီးမြှုပ်နှံငွေတွေကို နောက်မှ ပြန်ပေးဖို့နဲ့ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံတန်ဖိုးရှိတဲ့ အကြွေးတွေကို ပြတ်ဆပ်ချိန် ပြင်ဆင်ဖို့ တရုတ်အစိုးရကို တောင်းဆိုနိုင်ပါတယ်။ ရှာရစ်ဖ်ရဲ့ တောင်းဆိုချက်တွေကို ရှီက သဘောတူ မတူကိုတော့ စောင့်ကြည့်ရမှာပါ" ဟု မာရီယမ် ကဆိုသည်။ အဆိုပါ စီမံကိန်းသည် တရုတ်၏ စွမ်းအင်စီးပွားရေးလုံခြုံရေးကို မြှင့်တင်ရန် ကြိုးပမ်းမှုတွင် အဓိက ကျသော်လည်း စစ်ပွဲဖြစ်ပွားပါက ပြိုင်ဘက်အင်အားကြီးနိုင်ငံများက ယင်းမဟာဗျူဟာမြောက် ရေလမ်းအား ပိတ်ဆို့မည်ကို တရုတ်က စိုးရိမ်လျက်ရှိသည်။ မလက်ကာရေလက်ကြား အကျပ်အတည်းဖြစ်နေသော်လည်း CPEC စီမံကိန်းများအတွက် တရုတ်ငွေကြေးထောက်ပံ့မှုသည် မကြာသေးမီနှစ်များအတွင်း နှောင့်နှေးလာသည်။

စီမံကိန်းအတွက် တရုတ်အား ရင်းနှီးမြှုပ်နှံခြင်းမပြုရန် ဟန့်တားနေသည့် ဖြစ်နိုင်သော အကြောင်းရင်း ၂ ခုမှာ ပါကစ္စတန်ပြန်မဆပ်နိုင်သော အကြွေးများ တိုးလာခြင်းနှင့် တရုတ်၏စီးပွားရေး အခြေအနေကြောင့် ဖြစ်သည်ဟု မာရီယမ်အန်းနက်စ်ကဆိုသည်။

ပါကစ္စတန်သည် တရုတ်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန်နှင့် CPEC စီမံကိန်းများ အကောင် အထည်ဖော်ရေးအတွက် မျှော်လင့်နေသော်လည်း အကြွေးထောင်ချောက်မိမည့်အဖြစ်ကို စိုးရိမ်နေကြောင်း မာရီယမ်အန်းနက်စ်က ပြောသည်။ တရုတ်အပေါ်တင်ရှိနေသည့် ပါကစ္စတန်ကြွေးမြီသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သို့ ပေးရမည့်အကြွေးထက် ၃ ဆပိုများကြောင်း မာရီယမ်က မကြာသေးမီကထွက်ရှိလာသော IMF အစီရင်ခံစာကို ကိုးကား၍ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required