ယူကရိန်းအား အအေးဒဏ် ခံစားစေပြီး အညံ့ခံလာအောင် ရုရှက လုပ်ဆောင်နေဟု အမေရိကန် စွပ်စွဲ 

ယူကရိန်းအား အအေးဒဏ် ခံစားစေပြီး အညံ့ခံလာအောင် ရုရှက လုပ်ဆောင်နေဟု အမေရိကန် စွပ်စွဲ 

နိုဝင်ဘာလ ၅ ရက်

တိုက်ပွဲမြေ၌ ရုရှသည် အောင်ပွဲခံနိုင်ခြင်း မရှိဘဲ ဖြစ်လာခဲ့သည့်နောက် ယူကရိန်းအား အအေးဒဏ်ကို ခံစားစေပြီး အညံ့ခံလာအောင် လုပ်ဆောင်နေသည်ဟု အမေရိကန်က သောကြာနေ့တွင် စွပ်စွဲသည်။ 

သိမ်းပိုက်ထားသော ခါဆွန်ဒေသမှ အရပ်သား ထောင်ပေါင်းများစွာကို ရုရှက ရွှေ့ပြောင်းခိုင်းနေခြင်းလည်း ဖြစ်သည်။ 

ယူကရိန်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့က ရုရှကျူးကျော်ရေးတပ်များကို ယူကရိန်းက ထိုးစစ်ဆင်ချိန်မှစပြီး ရုရှသ်ည ယူကရိန်း၏ အခြေခံ အဆောက်အအုံများကို ဒုံးကျည်များ၊ ဖောက်ခွဲရေး ဒရုန်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

ယူကရိန်း၏ စွမ်းအင်ကွန်ရက်ကို ရုရှ တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဒသမ ၅ သန်း လျှပ်စစ်မီး ပြတ်တောက်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ကြာသပတေးနေ့က ပြောသည်။ 

“သမ္မတ ပူတင်ဟာ သူ့အနေနဲ့ ယူကရိန်းကို အင်အားနဲ့ မသိမ်းနိုင်ဘူးဆိုရင် အအေးဒဏ် ခံစားစေပြီး အညံ့ခံလာအောင် ကြိုးစားဖို့ ဆုံးဖြတ်ထားပုံ ရတယ်”ဟု ဂျာမနီ၌ ဂျီ-၇ အုပ်စု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ပြောသည်။ 

ရုရှ၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည်များကို ပြန်လည်တည်ဆောက်ရန် အနောက်အုပ်စုက ယူကရိန်းအား ကူညီရန် စိတ်ပိုင်းဖြတ်ထားသည်။ 

ချမ်းသာသော နိုင်ငံများ အဖွဲ့ ဂျီ- ၇ အုပ်စုမှ နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်ရက်တာ စည်းဝေးပြီးနောက်၌ ယူကရိန်းတွင် ရုရှ၏ ပစ်မှတ်ထား တိုက်ခိုက်ခံရသော အခြေခံအဆောက်အအုံများအား ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးရေးကို သဘောတူခဲ့ကြသည်။ 

ဖေဖော်ဝါရီလ ရုရှကျူးကျော်ချိန်မှစကာ ယူကရိန်းအား လုံခြုံရေးအကူအညီ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂ သန်းကျော် ပံ့ပိုးထားသည့် အမေရိကန်ကလည်း ပျက်စီးမှုများအား ကိုင်တွယ်ဖြေရှင်းရေးအတွက် စိစစ်လျက် ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly