အီရန်က တိုက်ခိုက်လာနိုင်သည်ဟု ဆော်ဒီအာရေဗျက အမေရိကန်ကို ပြော 

အီရန်က တိုက်ခိုက်လာနိုင်သည်ဟု ဆော်ဒီအာရေဗျက အမေရိကန်ကို ပြော 

November 3

ဆော်ဒီအာရေဗျအား အီရန်၏ ခြိမ်းခြောက်နေသည့် သတင်းများနှင့် ပတ်သက်ပြီး အမေရိကန်က တုံ့ပြန်ကာ စိုးရိမ်စရာ ရှိနေကြောင်းနှင့် လိုအပ်လျှင် မဆိုင်းမတွ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။ 

“ဒီ ခြိမ်းခြောက်မှုတွေကြောင့် ကျွန်တော်တို့ စိုးရိမ်ပူပန်ပါတယ်၊ ဆော်ဒီနဲ့ စစ်ရေးနဲ့ ထောက်လှမ်းရေးကဏ္ဍမှာ ကျွန်တော်တို့ မပြတ်ဆက်သွယ်နေပါတယ်”ဟု အမျိုးသား လုံခြုံရေးကောင်စီက အင်္ဂါနေ့၌ ထုတ်ပြန်သည်။ “ကျွန်တော်တို့ရဲ့ အကျိုးစီးပွားနဲ့ ဒေသတွင်းက မိတ်ဖက်တွေကို ကာကွယ်ဖို့ ကျွန်တော်တို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ 

ဆော်ဒီအာရေဗျနိုင်ငံအား အီရန်က တိုက်ခိုက်လာနိုင်ခြေရှိသည်ဆိုကာ အမေရိကန်အား ဆော်ဒီက ထောက်လှမ်းရေးသတင်း မျှဝေခဲ့ကြောင်းကို Wall Street Journal က အင်္ဂါနေ့ အစောပိုင်းတွင် ပထမဆုံး သတင်းဖော်ပြခဲ့သည်။ 

ယင်း သတင်းနှင့် ပတ်သက်ပြီး “အခြေအမြစ် မရှိကြောင်း” နှင့် အီရန်၏ အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးကို နာမည်ဖျက်ခြင်းပဲ ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နာဆာ ကာနာနီက တုံ့ပြန်ပြောဆိုသည်။ 

“အီရန်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကနေ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်နေပြီး ထဲထဲဝင်ဝင် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ 

အီရန်နိုင်ငံအတွင်း စက်တင်ဘာလလယ်မှစကာ ဖြစ်ပွားနေဆဲ အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများ၏ နောက်ကွယ်တွင် ဆော်ဒီအာရေဗျနှင့် အခြားပြိုင်ဖက်နိုင်ငံများ ပါဝင်နေသည်ဟု အီရန်က သက်သေမပြဘဲ စွပ်စွဲထားသည်။ 

အီရန်က ဆန္ဒပြမှုများကို ဆော်ဒီအာရေဗျ မီဒီယာများတွင် အသားပေး ဖော်ပြနေခြင်းနှင့် ပတ်သက်ကာ အီရန် တော်လှန်ရေးအစောင့်တပ် တပ်မှူးက ဆော်ဒီအား သတိပေးခဲ့သည်။ 

“ဒါဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံး သတိပေးတာပဲ၊ မီဒီယာတွေကနေ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကို စွက်ဖက်နေတာ ဖြစ်တယ်၊ ခင်ဗျားတို့ဟာ ဒီ အရေးမှာ ပါဝင်နေတာပဲ ဖြစ်တယ်”ဟု ဗိုလ်မှူးချုပ် ဟိုစိန် ဆာလာမီက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly