လာလီဂါ လက်တင်-အမေရိကန် အကောင်းဆုံးကစားသမားဆုကို ဆွာရက်ဇ် ရရှိ

လာလီဂါ လက်တင်-အမေရိကန် အကောင်းဆုံးကစားသမားဆုကို ဆွာရက်ဇ် ရရှိ

စပိန်၊ မတ် ၁ ။       ။ စပိန်သတင်းအေဂျင်စီ တစ်ခုဖြစ်သည့် EFE မှ ၂၀၁၅ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်သော လာလီဂါရှိ လက်တင်-အမေရိကန် အကောင်းဆုံးကစားသမားဆုကို ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ရရှိသွားခဲ့သည်။

ဆွာရက်ဇ်သည် ဘာစီလိုနာအသင်းဖော်များဖြစ်သည့် မက်ဆီ၊ နေမာတို့နှင့် တွဲဖက်ပြီး ၂၀၁၅ ခုနှစ်တွင် ကက်တလန်ကလပ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ခြင်းကြောင့် ထိုဆုကို ရရှိခြင်းဖြစ်သည်။ ၎င်းတို့သုံးဦးသည် ယခုရာသီတွင်လည်း ၉၄ ဂိုးအထိသွင်းယူထားပြီး ၄၅ ကြိမ် ဖန်တီးမှု ပြုလုပ်ထားကြသည်။

ထို့ကြောင့် ဆွာရက်ဇ်က ၎င်းတို့သုံးဦး၏ပေါင်းစပ်မှုဖြင့် ဘာစီလိုနာကို အောင်မြင်မှုများထပ်မံရယူပေးနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ ဆွာရက်ဇ်သည် မက်ဆီနှင့် နေမာတို့၏ အားသာချက်များကိုလည်း အားကျလျက်ရှိသည်။

ဆွာရက်ဇ်က 'မက်ဆီရဲ့ ဘယ်ခြေထောက်ကို ကျွန်တော် အလွန်နှစ်သက်ပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘယ်ခြေထောက်ပါပဲ။ နေမာလိုလည်း ကွင်းအနှံ့မွှေနှောက် ကစားနိုင်တဲ့ အစွမ်းမျိုးကို ရရှိလိုပါတယ်' ဟု ပြောဆိုခဲ့သည်။

Trofeo EFE ဟု ခေါ်ဆိုသည့် လက်တင်-အမေရိကန်အကောင်းဆုံး ကစားသမားဆုကို ၁၉၉၀-၉၁ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ငါးကြိမ်၊ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက တစ်ကြိမ် ရရှိဖူးသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly