အမေရိကန်၏ဖိအားများလာချိန်တွင် အစ္စရေးက တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်မှုများ တင်းကျပ်လာဖွယ်ရှိ

အမေရိကန်၏ဖိအားများလာချိန်တွင် အစ္စရေးက တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်မှုများ တင်းကျပ်လာဖွယ်ရှိ

အမေရိကန်၏ ဖိအားများ တိုးလာချိန်တွင် တရုတ်နိုင်ငံကို ပစ်မှတ်ထားသည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်အသစ်များကို အစ္စရေးအစိုးရက အတည်ပြုမည်ဟု မျှော်လင့်ရသည်။

အစ္စရေး၏ လုံခြုံရေးအစိုးရအဖွဲ့သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အစိုးရ၏ကြီးကြပ်မှုအားကောင်းစေမည့် အစီအမံများကို အတည်ပြုရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာ ၅ ရာခိုင်နှုန်း ကျော်ကို ထိန်းချုပ်ထားချိန်တွင် အစိုးရက ဝင်ရောက်စွက်ဖက်နိုင်စေရန်နှင့် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဟု ယူဆရပါက နိုင်ငံခြားကုမ္ပဏီများအား ပြည်တွင်းစီမံကိန်းများအတွက် လေလံဆွဲခြင်း သို့မဟုတ် လိုင်စင်များ ရယူခြင်းမှ တားမြစ်ရန်အတည်ပြုမည်ဟု မျှောင်လင့်ရကြောင်း Haaretzသတင်းစာက ဖော်ပြသည်။

ကန့်သတ်ချက်အသစ်များသည် နည်းပညာမြင့်စက်မှုလုပ်ငန်းအတွက် အကျုံးမဝင်ဟု ဆိုသော်လည်း အမေရိကန်-တရုတ် နည်းပညာပြိုင်ဆိုင်မှု ကြီးထွားလာသောကြောင့် မကြာမီတွင် ယင်းနယ်ပယ်သို့ တိုးချဲ့ ဖွယ်ရှိသည်ဟု အစ္စရေးနိုင်ငံ Ashkelon Academic College မှ နိုင်ငံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အကြီးတန်း ကထိက မော်ဒီချိုင်ချာဇီဇာက ပြောကြားခဲ့သည်။

“အစ္စရေးနဲ့ အနောက်နိုင်ငံတွေက ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ဆက်ရှိနေတဲ့ အမေရိကန်ကို စိတ်ဝင်စား တုန်းပါပဲ။ ဒါကြောင့် အဆင့်မြင့်နည်းပညာနယ်ပယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ ကျိုးကြောင်းဆင်ခြင်ဖို့လိုအပ်ပါတယ်” ဟု ဆိုသည်။

အမေရိကန်သည် မကြာသေးမီလများအတွင်းက အဆင့်မြင့် ချစ်ပ်နည်းပညာကို အသုံးပြုခွင့်ကို ကန့်သတ်ရန် လုပ်ဆောင်မှုများအပါအဝင် တရုတ်အပေါ် ကန့်သတ်ချက်အများအပြားကို ချမှတ်ခဲ့သည်။

ပြီးခဲ့သောလက အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်သည် အစ္စရေးလုံခြုံရေးအကြံပေးဖြစ်သူ အီယယ်ဟူလာတာ နှင့် တွေ့ဆုံခဲ့ပြီး တရုတ်အမည်ကို သေချာဖော်ပြခြင်းမရှိဘဲ နည်းပညာကို ကာကွယ်ခြင်းနှင့် ပတ်သက်၍ အမေရိကန်၏စိုးရိမ်မှုများကို ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အစ္စရေးတွင် တရုတ်၏ နည်းပညာမြင့်ရင်းနှီးမြုပ်နှံမှုများသည်၂၀၁၈ ခုနှစ်တွင် အများဆုံးရှိခဲ့ပြီး သဘောတူညီချက်ပေါင်း ၇၂ ခုကို လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် အမေရိကန်က စိစစ်မှုများ တိုးမြှင့်လုပ်ဆောင်လာသည့်အချိန်မှစ၍ သဘောတူညီချက်အရေအတွက် ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် သဘောတူညီချက် ၄၃ ခုနှင့် ၂၀၂၀ ခုနှစ်တွင် ၄၅ ခု အသီးသီး ချုပ်ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required