အိန္ဒိယတွင် တံတားပြိုကျမှုကြောင့် လူ ၁၃၀ ထက်မနည်း သေဆုံး

အိန္ဒိယတွင် တံတားပြိုကျမှုကြောင့် လူ ၁၃၀ ထက်မနည်း သေဆုံး
Photo - EPA

October 31      

အိန္ဒိယနိုင်ငံတွင် ကိုလိုနီခေတ်ကတည်းက ဆောက်လုပ်ခဲ့သည့် ကြိုးတံတားတစ်စင်း ပြိုကျမှု ဖြစ်၍ လူအများအပြား အောက်ဘက်ရှိ မြစ်ထဲသို့ ပြုတ်ကျပြီးနောက် လူ ၁၃၀ ဦးထက်မနည်း သေဆုံးကြောင်း ရဲများက အောက်တိုဘာ ၃၁ ရက်တွင် ပြောသည်။

နိုင်ငံအနောက်ပိုင်း မော်ဘီမြို့ရှိ နှစ်သက်တမ်း ၁၅၀ နီးပါး ရှိပြီဖြစ်သည့် လူကူးကြိုးတံတားပေါ်နှင့် ဝန်းကျင်တွင် အောက်တိုဘာ ၃၀ ရက် ညပိုင်းက အမျိုးသမီးများနှင့် ကလေးများ အပါအဝင် လူ ၅၀၀ နီးပါးခန့် ဘာသာရေးပွဲတော်တစ်ခု ဆင်နွှဲနေကြစဉ် တံတားကို ထောက်ကူဆိုင်းပေးထားသည့် ကေဘယ်လ်ကြိုးများ ရုတ်တရက် ပြတ်တောက်သွားခဲ့ရာမှ တံတား ပြိုကျမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း အာဏာပိုင်တို့က ပြောသည်။

ဂူဂျာရတ် ပြည်နယ်ရှိ အဆိုပါ ခနော်နီခနော်နဲ့ တံတားပြိုကျသွားချိန် လူအများအပြားသည် မြစ်ထဲ ထိုးကျသွားသလို အခြားသူများသည်လည်း တံတား၏ အစိတ်အပိုင်းများကို တွယ်မိတွယ်ရာ ဖက်တွယ်ထားခဲ့ကြရသည်။

“သေဆုံးသူဦးရေ ၁၃၀ အထိ ရှိနေပါပြီ” ဟု မော်ဘီ ရဲတပ်ဖွဲ့မှ ရဲမှူး ရာဟူးလ် ထရီပါသီက အေအက်ဖ်ပီကို ပြောသည်။ အခြား လူ ၁၅ ဦးခန့်က ဆေးရုံတွင် ကုသမှု ခံယူနေရသည်ဟု ၎င်းက ပြောသည်။

ဂူဂျာရတ်ပြည်နယ်၏ အဓိကမြို့ဖြစ်သော အာမက်ဒါဘတ်၏ အနောက်ဘက် ကီလိုမီတာ ၂၀၀ (မိုင် ၁၂၀) ခန့် အကွာတွင် ရှိသော မက်ချ်ဟူ မြစ်ပေါ် တည်ဆောက်ထားသည့် အဆိုပါ ကြိုးတံတားသည် လများချီကြာ ပြုပြင်မှုများ လုပ်ဆောင်ပြီး ပြီးခဲ့သည့် ရက်အနည်းငယ်အကြာကမှ ပြန်လည်ဖွင့်လှစ်ပေးထားခဲ့ခြင်း ဖြစ်သည်။

“တံတား ပြိုကျတော့ လူတွေ တစ်ယောက်ပေါ် တစ်ယောက်ထပ်ပြီး လဲကျကုန်တယ်” ဟု မျက်မြင်တွေ့သူတစ်ဦးက ပြည်တွင်း မီဒီယာကို ပြောသည်။

“ဒီဝါလီ ပွဲတော်ကြောင့် လူတွေက ဘာသာရေးဓလေ့အတွက် ဒီတံတားကို စုပြုံရောက်ခဲ့ကြတာဖြစ်တယ်။ သေဆုံးသူတွေထဲမှာ ကလေးအများအပြားနဲ့ အမျိုးသမီးတွေလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

တံတား၏ ကျန်ရစ်နေသည့် အပိုင်းများကို ဖက်တွယ်ထားသူများ၊ သို့မဟုတ် ညအမှောင်ထဲတွင် ဘေးလွတ်ရာ ရေကူးသွားရန် ကြိုးပမ်းနေကြသူများကို ပြသထားသည့် သီးခြားအတည်မပြုနိုင်သော ဗီဒီယိုများကို သတင်းများတွင် ဖော်ပြသည်။

တံတားကျိုးကျမှုဖြစ်စဉ်တွင် လူ ၁၃၀ ဦးခန့်ကို ကယ်တင်ပေးခဲ့ရကြောင်း မော်ဘီ ရဲတပ်ဖွဲ့ အကြီးအကဲ ပီ ဒက်ကာဗာဒီယာက အေအက်ဖ်ပီကို တယ်လီဖုန်းဖြင့် ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly