အကျင့်ပျက်မှုဖြင့် စွဲချက်တင်ခံရဖူးသူကို ဘဏ္ဍာရေးဝန်ကြီး ခန့်အပ်မှုက ပါကစ္စတန်အစိုးရအတွက် အရှက်ရစရာ ဖြစ်နေ

အကျင့်ပျက်မှုဖြင့် စွဲချက်တင်ခံရဖူးသူကို ဘဏ္ဍာရေးဝန်ကြီး ခန့်အပ်မှုက ပါကစ္စတန်အစိုးရအတွက် အရှက်ရစရာ ဖြစ်နေ

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရသည် နိုင်ငံတွင် အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး တရားရုံး၏ စွဲချက်တင်ခြင်းကို ခံခဲ့ရဖူးသူတစ်ဦးကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ယခုအခါ နိုင်ငံတကာအလယ် အရှက်ရစရာ အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ခံရသည့် အစ်ရှာ ဒါးသည် ၂၀၁၇ ခုနှစ်က ပနားမား စာတမ်းအမှုတွင် ပါကစ္စတန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး တရားရုံးတစ်ခု၏ စွဲချက်တင်ခြင်းကို ခံရပြီးနောက် ပြည်ပသို့ ထွက်ပြေးခဲ့ဖူးသူ ဖြစ်သည်။

ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ပါတီ၏ ဦးဆောင် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဘဏ္ဍာရေး ဝန်ကြီး အစ်ရှာ ဒါးသည် အမှုမှ ထွက်ပြေးတိမ်းရှောင်သူတစ်ဦးအဖြစ် ပြည်တွင်း တရားရုံးတစ်ခု၏ ကြေညာခြင်းကို ခံခဲ့ရသူ ဖြစ်ပြီး ၎င်းသည် တရားရုံးများ၊ အေဂျင်စီများ၏ ဆင့်ခေါ်မှုများနှင့် အကြောင်းကြား စာများအားလုံးကို ဖီဆန်ရင်း ဗြိတိန်တွင် နေထိုင်ခဲ့သူဖြစ်ကြောင်း Asain Lite မီဒီယာက ဖော်ပြသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ပါကစ္စတန် တရားရုံးတစ်ခုက အစ်ရှာ ဒါး နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လာနိုင်စေရန် ၎င်းအပေါ် ထုတ်ပြန်ထားသည့် ဖမ်းဆီးမိန့်ကို ဆိုင်းငံ့ပေးခဲ့သည်။

အစ်ရှာ ဒါးကို ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်မှုကြောင့် နိုင်ငံတကာတွင် အမျက်ဒေါသထွက်မှုများကို ဖြစ်စေခဲ့သလို လူတချို့ကလည်း အဆိုပါ ခန့်အပ်မှုကိစ္စအပြင် ပါကစ္စတန် နိုင်ငံရေးတွင် အကျင့်ပျက် လုပ်ဆောင်ချက်များကို အာဏာပိုင်တို့ဘက်က သွက်ဝိုက်ထောက်ခံမှုအပေါ် ဆန့်ကျင်လျက် လူမှုမီဒီယာတွင် ဝေဖန်ထုတ်ဖော်ထားကြသည်။

အစ်ရှာ ဒါးသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ဆွေးနွေးညှိနှိုင်းရန် ယခုလအစောပိုင်းက အမေရိကန်သို့ သွားရောက်စဉ် ဝါရှင်တန် လေဆိပ်တစ်ခု၌ လှောင်ပြောင်ခံခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly