တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အောက်တိုဘာ ၂၃ ရက်က သမ္မတတတိယသက်တမ်း ရယူနိုင်ခဲ့ကာ သစ္စာခံများဖြင့်ဖွဲ့စည်းထားသော အစိုးရအဖွဲ့ကို မိတ်ဆက်ပေးလိုက်ပြီး မော်စီတုံးနောက်ပိုင်း နိုင်ငံ၏ အာဏာအရှိဆုံးအုပ်ချုပ်သူအဖြစ် ၎င်း၏ရာထူးနေရာကို ခိုင်မာလာစေသည်။
ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီသစ်ကို ပြည်သူ့ခန်းမ စင်မြင့်ထက်၌ မိတ်ဆက်သည့်အခါ ရှီ၏နောက်တွင် ရှန်ဟိုင်း ကွန်မြူနစ်ပါတီ အကြီးအကဲ လီချန်း လိုက်ပါလာခဲ့ပြီး မတ်လ၌ လီခေ့ချန်အနားယူချိန်တွင် ဝန်ကြီးချုပ်ဖြစ်လာမည့် အလားအလာရှိသည်။
အမြဲတမ်းကော်မတီအဖွဲ့ဝင် ၇ ဦးအနက် တခြားသောအဖွဲ့ဝင်များမှာ ကော်မတီအဖွဲ့ဟောင်းမှ ကျောင်းလဲကျိနှင့် ဝမ်ဟန်နင်းနှင့် အဖွဲ့ဝင်သစ်များဖြစ်သော ချိုင်ချိ၊ ဒင်းရွှေ့ရှန်နှင့် လီရှီတို့ဖြစ်သည်။ လီချန်းမှာ အမြဲတမ်း ကော်မတီအဖွဲ့ဝင်သစ်ဖြစ်သည်။
ကွန်မြူနစ်ပါတီတော်လှန်ရေးသမားတစ်ဦး၏ သားဖြစ်သူ ၂၀၁၂ ခုနှစ် အာဏာရလာပြီးကတည်းက တရုတ်နိုင်ငံကို အာဏာရှင်ပိုဆန်သောလားရာသို့ခေါ်ဆောင်ခဲ့သည့် ရှီကို သစ္စာခံသူအများအပြား ပါရှိသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
ဆစ်ဒနီ Lowy Institute မှ အရှေ့အာရှဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ ရစ်ချက်မက်ဂရတ်ဂါက ပါတီညီလာခံ ရလဒ်သည် ရှီအတွက် ကြီးကျယ်သော အောင်ပွဲဖြစ်ကြောင်း ပြောသည်။
“လက်ရှိနဲ့ အလားအလာရှိတဲ့ပြိုင်ဘက်တွေအားလုံး ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီကနေ ပထုတ်ခံလိုက်ရပြီး ရှီရဲ့သစ္စာခံတွေက နေရာယူခဲ့ကြတာပါ။ ပေါ်လစ်ဗျူရိုအဖွဲ့သစ်ဟာ ပါတီအပေါ် ရှီရဲ့လွှမ်းမိုးမှုကို ဖော်ပြ လိုက်တာပါပဲ” ဟု ၎င်းက ဆိုသည်။
ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ညီလာခံပိတ်ပွဲအပြီး တစ်ရက်အကြာတွင် အမြဲတမ်းကော်မတီနှင့် အဖွဲ့ဝင် ၂၄ ဦးပါ ပေါ်လစ်ဗျူရိုအဖွဲ့သစ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ရှီ၏ရာထူးနေရာကို ခိုင်မြဲစေပြီး ပါတီအတွင်း ၎င်း၏ နိုင်ငံရေးအတွေးအခေါ်ကို လမ်းညွှန်ပြသသော ပြင်ဆင်ချက်များကို ပါတီပဋိညာဉ်တွင် ထည့်သွင်းခဲ့သည်။
သို့သော် တရုတ်၏ စီးပွားရေးနှေးကွေးနေမှုနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြီးထွားလာမှုအပေါ် မကျေနပ်မှုများ ကြီးထွားလာချိန်တွင် အသက် ၆၉ နှစ်ရှီပြီဖြစ်သည့် ရှီသည် ကြီးလေးသော စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ရှီ၏ ထောက်ခံမှုနှင့် ထိုင်ဝမ်အရေး တင်းမာမှုမြင့်တက်လာခြင်းကြောင့် တရုတ်သည် အနောက်နိုင်ငံများနှင့် ပိုမိုဝေးကွာလာသည်။