အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှုဖြင့် တရုတ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှုဖြင့် တရုတ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

အထောက်အထားအတုကိုင်ဆောင်ကာ အိန္ဒိယနိုင်ငံတွင် နေထိုင်နေသည့် တရုတ်အမျိုးသမီးတစ်ဦးအား အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်မှုဖြင့် နယူးဒေလီရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။

အဆိုပါအမျိုးသမီး၏အမည်မှာ ချိုင်ရိုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်မှ ဖြစ်သည်။

အိန္ဒိယတွင် နီပေါနိုင်ငံသားအဖြစ် နေထိုင်နေသော သူမကို နယူးဒေလီမြောက်ပိုင်း မန်နူကာတီလာအရပ်မှ ဖမ်းဆီးမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ထိုအမျိုးသမီးကို စစ်ဆေးမေးမြန်းရာ ဒိုလ်မာလားမားအမည်ဖြင့် နီပေါနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင် ထားကြောင်း တွေ့ရှိခဲ့သည်။ သို့သော် နိုင်ငံခြားသားမှတ်ပုံတင်ဌာန၌ စုံစမ်းဆေးရာ ၎င်းသည် တရုတ်နိုင်ငံသား တစ်ဦးဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် အိန္ဒိယသို့ ရောက်လာခဲ့သည်ဟု ဆိုသည်။

ချိုင်ရိုသည် အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေကာ လက်ရှိတွင် နီပေါနိုင်ငံသားအဖြစ် အိန္ဒိယ၌ နေထိုင်နေလျက်ရှိပြီး မန်နူကာတီလာတွင် ဖမ်းမိခဲ့ကြောင်း ဒေလီရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

သူမအား ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှုပုဒ်မ ၁၂၀ (ဘီ) ၊ ပုဂ္ဂိုလ်ရေးရာလိမ်လည်လှည့်ဖြားမှုပုဒ်မ ၄၁၉ ၊ ပိုင်ဆိုင်မှုလွှဲပြောင်းရေးအတွက် မရိုးသားမှုနှင့် လိမ်လည်မှု ပုဒ်မ ၄၂၀၊ အရေးပါသော လုံခြုံရေး အထောက် အထားကို အတုပြုလုပ်မှုပုဒ်မ ၄၆၇ နှင့် အိန္ဒိယ ရာဇဝတ်မှုဆိုင်ရာနှင့် နိုင်ငံခြားသားများ အက်ဥပဒေပုဒ်မများအရ အောက်တိုဘာ ၁၇ ရက်က တရားစွဲဆိုထားသည်။

နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required