ပါကစ္စတန်တွင် အလုပ်လက်မဲ့မှုနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ဖွယ် ရှိဟု IMF အစီရင်ခံစာက ဖော်ပြ

ပါကစ္စတန်တွင် အလုပ်လက်မဲ့မှုနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ဖွယ် ရှိဟု IMF အစီရင်ခံစာက ဖော်ပြ

ပါကစ္စတန်နိုင်ငံတွင် ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းက ၂၀ ရာခိုင်နှုန်းခန့်အထိ ရောက်ရှိဖွယ်ရှိကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ယခုနောက်ဆုံး ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

ထို့ပြင် အဆိုပါ နိုင်ငံတွင် ကိုင်တွယ်ရခက်ပြီး မြင့်မားသော ငွေကြေးဖောင်းပွမှုကို မြင်ရဖွယ် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု Dawn သတင်းစာက ကိုးကားဖော်ပြသည်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်းက ပါကစ္စတန်ရှိ အလုပ်လက်မဲ့ဖြစ်မှုနှုန်းထားများအပေါ် တိုက်ရိုက် သက်ရောက်လိမ့်မည် ဖြစ်ပြီး အလုပ်လက်မဲ့မှုနှုန်း မြင့်တက်လိမ့်မည်ဟု IMF အစီရင်ခံစာက ခန့်မှန်းထားသည်။

IMF သည် “နေထိုင်မှု စရိတ်စက အကျပ်အတည်းကို တန်ပြန်ရင်ဆိုင်ခြင်း” ဟု ခေါင်းစဉ်တပ်ထားသည့် ယင်း၏ ကမ္ဘာ့ စီးပွားရေး အလားအလာ မျှော်မှန်းချက် (WEO) ၂၀၂၃ အစီရင်ခံစာထဲတွင် ပါကစ္စတန်၏ ဂျီဒီပီ (ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု) တိုးတက်မှုနှုန်းကို ၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ၂၀ ရာခိုင်နှုန်းအဖြစ် ခန့်မှန်းထားသည်။

ထို့ပြင် အဆိုပါ အစီရင်ခံစာတွင် ရှင်းလင်းချက်တစ်ခု ပါဝင်ပြီး ထိုရှင်းလင်းချက်အရ “ပါကစ္စတန်အတွက် ၂၀၂၂ ခုနှစ် ခန့်မှန်းချက်များသည် ဩဂုတ်လကုန်အထိ ရရှိထားသော အချက်အလက်များအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်ပြီး မကြာသေးခင် ပေါ်ပေါက်ခဲ့သော ရေကြီးမှုများ၏ သက်ရောက်မှုများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိ” ဟု IMF က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly