ထိုင်ဝမ်ကို တိုက်ခိုက်ပါက သမ္မတရှီကျင့်ဖျင်သည် တရုတ်အားလုံး၏ အပြစ်သား ဖြစ်လိမ့်မည်ဟု ထိုင်ဝမ်ပြော

ထိုင်ဝမ်ကို တိုက်ခိုက်ပါက သမ္မတရှီကျင့်ဖျင်သည် တရုတ်အားလုံး၏ အပြစ်သား ဖြစ်လိမ့်မည်ဟု ထိုင်ဝမ်ပြော

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ထိုင်ဝမ်ကို တိုက်ခိုက်ပြီး စစ်ပွဲတွင် အောင်မြင်မှုမရပါက နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် သံတမန်ရေးအရ အထီးကျန်မှုကို ရင်ဆိုင်ရမည်ဖြစ်သလို တရုတ်နိုင်ငံသားအားလုံး၏ အပြစ်သားဖြစ်လာမည်ဖြစ်ကြောင်း ထိုင်ဝမ်လုံခြုံရေးအရာရှိက အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်သည် ပြီးခဲ့သည့် ၂ နှစ်အတွင်း ဒီမိုကရေစီကျင့်သုံးသောထိုင်ဝမ်ကို စစ်ရေးနှင့်နိုင်ငံရေးအရ ဖိအားပေးမှု အရှိန်မြင့်လာသလို ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားလာကာ ထိုင်ဝမ်အစိုးရကလည်း အပြင်းအထန် ငြင်းဆိုထားသည်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ၅ နှစ် တစ်ကြိမ် ကျင်းပသော အမျိုးသားညီလာခံဖွင့်ပွင့်ပွဲတွင် ရှီက ထိုင်ဝမ်ပြဿနာကို ဖြေရှင်းရန် တရုတ်ပြည်သူများအပေါ် မူတည်ကြောင်းနှင့် ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အင်အားအသုံးပြုပိုင်ခွင့်ကို မစွန့်လွှတ်သော်လည်း ကြိုးပမ်းနေဆဲဖြစ်ကြောင်း ပြောသည်။

ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရို အကြီးအကဲ ချန်မင်းတောင်က ရှီသည် ထိုင်ဝမ်ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့်အတိုင်း လုပ်ဆောင်မည်ဆိုပါက ဘေးဒုက္ခကြုံရလိမ့်မည်ဟု ညီလာခံ၏သီးသန့်တွေ့ဆုံပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

“ထိုင်ဝမ်ကို အင်အားသုံးပြီး တိုက်ခိုက်ရင် နိုင်ဖို့ အလားအလာ မရှိပါဘူး။ အဲဒီလိုလုပ်ရင် တရုတ်ဟာ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုနဲ့ သံတမန်ရေးအရ အထီးကျန်မှုကို ရင်ဆိုင်ရပါလိမ့်မယ်”

“နှစ်ဖက်စလုံးက အချင်းချင်းလေးစားပြီး သီးခြားစီ တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်သင့်ပါတယ်။ ဒါဟာ ပြည်သူတွေအတွက် ပျော်ရွှင်မှုပေးတဲ့ နည်းလမ်းပါ” ဟု ချန်က ပြောသည်။

တရုတ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် စိတ်ဆိုးစွာ တုံ့ပြန်သည့်အနေဖြင့် ဩဂုတ်လက ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး တရုတ်၏ ကြီးထွားလာသော ခြိမ်းခြောက်မှုကို တုံ့ပြန်ရန် ထိုင်ဝမ်သမ္မတစိုင်အင်ဝမ်သည် စစ်ရေးခေတ်မီရေးအစီအစဉ်ကို ကြီးကြပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required