ရေကြီးမှုဒဏ်ခံထားရသည့် ပါကစ္စတန်က အိန္ဒိယမှ ခြင်ထောင်အလုံးရေ ၆ သန်းကျော်ကို ဝယ်ယူရန် စီစဉ်

ရေကြီးမှုဒဏ်ခံထားရသည့် ပါကစ္စတန်က အိန္ဒိယမှ ခြင်ထောင်အလုံးရေ ၆ သန်းကျော်ကို ဝယ်ယူရန် စီစဉ်

ရေကြီးမှုဒဏ် အကြီးအကျယ် ခံထားရပြီးနောက် ပါကစ္စတန်အစိုးရသည် အိန္ဒိယနိုင်ငံထံမှ ခြင်ထောင်အလုံးရေ ၆ ဒသမ ၂ သန်း ဝယ်ယူရန် ကျန်းမာရေးဝန်ကြီးဌာနကို အောက်တိုဘာ ၁၁ ရက်တွင် ခွင့်ပြုချက် ထုတ်ပေးခဲ့သည်။ နိုင်ငံတွင် ပြီးခဲ့သည့်လက လူပေါင်း ၁၆၀၀ ကျော် သေဆုံးခဲ့ရသည့် အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးမှုများ ဖြစ်ပေါ်ပြီးနောက် ရောဂါသယ်ဆောင်သည့် ပိုးမွှားများကြောင့် ကူးစက်တတ်သော ရောဂါများ၏ အန္တရာယ်မှ အများပြည်သူကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ် ကြိုးပမ်းခြင်း ဖြစ်သည်။

“နိုင်ငံရဲ့ ရေဘေးသင့်ခရိုင်ဒေသ ၃၂ ခုမှာ ငှက်ဖျားရောဂါက အလျင်အမြန် ကူးစက်ပျံ့ပွားနေပါတယ်။ အဲဒီနေရာဒေသတွေမှာ ထောင်နဲ့ချီတဲ့ ကလေးတွေဟာ ခြင်ကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ကူးစက် ခံနေရတယ်” ဟု ပါကစ္စတန် ကျန်းမာရေးအရာရှိများက ပြောကြားကြောင်း The News International မီဒီယာက ဖော်ပြသည်။

ရေကြီးမှုဒဏ်ခံထားရသည့် ဧရိယာများတွင် ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားနေသည့်အတွက် ပါကစ္စတန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယမှ ခြင်ထောင်များ ဝယ်ယူရန် ပြီးခဲ့သည့်လက အစိုးရထံ မဖြစ်မနေ ခွင့်ပြုချက် တောင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ပါကစ္စတန် အရာရှိများက ပြောသည်။

“ပါကစ္စတန်ရဲ့ ရေဘေးသင့် ပြည်သူတွေအတွက် အိန္ဒိယဆီကနေ ခြင်ထောင်တွေ ဝယ်ဖို့ Global Fund အဖွဲ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ဘဏ္ဍာရေးအရင်းအမြစ်တွေ ထောက်ပံ့ပေးပါလိမ့်မယ်” ဟု ၎င်းတို့က ပြောသည်။

ခြင်ထောင်များကို တတ်နိုင်သမျှ မြန်မြန် ရရှိနိုင်ရန် စီစဉ်နေကြောင်းနှင့် ဝါဂါ လမ်းကြောင်းမှတစ်ဆင့် နိုဝင်ဘာလလယ်မတိုင်မီ ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပါကစ္စတန်အရာရှိများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required