ဒလိုင်းလားမားအတွက် ဂုဏ်ပြုသီချင်းဆိုသော တိဗက်အမျိုးသား ၅ ဦးကို တရုတ်အာဏာပိုင်များက ဖမ်းဆီး

ဒလိုင်းလားမားအတွက် ဂုဏ်ပြုသီချင်းဆိုသော တိဗက်အမျိုးသား ၅ ဦးကို တရုတ်အာဏာပိုင်များက ဖမ်းဆီး

ဂိုလော့တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ ဒေသဆိုင်ရာ တရုတ်အာဏာပိုင်များသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို နောက်ထပ်ဖိနှိပ်မှုအဖြစ်အဝေးရောက် တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားအား ချီးမွမ်းဂုဏ်ပြုသည့် သီချင်းသီဆိုသော တိဗက်အမျိုးသား ၅ ဦးကို ဖမ်းဆီးလိုက်ကြောင်း သုတေသီအဖွဲ့ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီဆိုင်ရာ တိဗက်စင်တာကို ကိုးကား၍ Phayulသတင်းဌာနက ဖော်ပြသည်။ ဂိုလော့တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် လူတစ်စုက လူကြိုက်များသည့် တရုတ်ဗီဒီယို ပလက်ဖောင်း Kuaishouတွင် အောက်တိုဘာ ၁၃ ရက်က ထုတ်လွှင့်သော ဂီတပြိုင်ပွဲတွင် သီချင်းတစ်ပုဒ်ကို သီဆိုရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုဗီဒီယိုပလက်ဖောင်းတွင် တရုတ်အစိုးရမှ သတ်မှတ်ထားသော စည်းမျဉ်းများကို ချိုးဖောက် သော သုံးစွဲသူများကို ဆင်ဆာဖြတ်ရသည့် ဝန်ထမ်း ၂၀၀၀ ခန့်ရှိသည်ဟု Phayulက ဖော်ပြခဲ့သည်။

ထိန်းသိမ်းခံရသူ ၅ ဦးအနက် ဒီရက်ဟူသော လူတစ်ဦး၏ အမည်သာ သိရသည်။

သီချင်းကို ဆင်ဆာဖြတ်သော တရုတ်အာဏာပိုင်များသည် သီချင်းဆိုသူ လူ ၅ ဦးကို ထိန်းသိမ်းခဲ့ကြသည်။ ဆင်ဆာဖြတ်ခံရသော သီချင်းတွင် “တိဗက်မှာ မြင့်မြတ်တဲ့ လားမား မွေးဖွားလာပြီ။ တိုင်းတစ်ပါးမြေမှာ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ဆောင်နေပါတယ်။ အကြင်နာ ကရုဏာတရားရှိတဲ့ လားမား အမြန်ပြန်လာ ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်” ဟူသော စာသားများပါရှိသည်။

တရုတ်ရဲများသည် ထိန်းသိမ်းထားသူများကို တစ်နေကုန် ဖိစစ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ၄ ယောက်ကို ပြန်လွှတ်ပေးခဲ့သည်။ အမည်မသိရသော ဂီတပညာရှင်တေးရေးဆရာတစ်ဦးကို တရုတ်အာဏာပိုင်များက ထိန်းသိမ်းထားဆဲဖြစ်သည်။

သို့သော် တရုတ်ဆင်ဆာအဖွဲ့သည် ဒီရက်အား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်။ ပွဲတော်များနှင့် လူစုလူဝေးပွဲများတွင် မပါဝင်တော့ကြောင်းလည်း အတင်းအကျပ် ဝန်ခံကတိထိုးခိုင်းခဲ့ကြောင်း Phayulသတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဂီတပညာရှင် ဒီရက်သည် အွန်လိုင်းဖျော်ဖြေပွဲတွင် ပါဝင်မည်ဆိုပါက အာဏာပိုင်များထံမှ အရင်ဆုံး ခွင့်ပြုချက်တောင်းခံရမည်ဖြစ်သည်။ တရုတ်ဆင်ဆာအဖွဲ့သည် အဆိုပါ သီချင်းဆိုပြိုင်ပွဲကို တစ်ဝက်တစ်ပျက်တွင် ပိတ်ပစ်ခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Phayulကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly