ရှီကျင့်ဖျင်က တတိယသက်တမ်းအတွက် ပြင်ဆင်နေချိန် တရုတ်တွင် လူဦးရေလျော့ကျမှုပြဿနာကြုံတွေ့နေရ

ရှီကျင့်ဖျင်က တတိယသက်တမ်းအတွက် ပြင်ဆင်နေချိန် တရုတ်တွင် လူဦးရေလျော့ကျမှုပြဿနာကြုံတွေ့နေရ

တရုတ်သမ္မတရှီကျင့်ဖျင်က တတိယသက်တမ်းကို ရယူရန် စိုင်းပြင်းနေချိန်တွင် နိုင်ငံသည် လူဦးရေ လျင်မြန်စွာကျဆင်းမှုကို တွန်းလှန် ရုန်းကန်နေရသည်။ လူဦးရေကျဆင်းမှုသည် ၂၀၂၂ ခုနှစ်တွင် စတင်နေသည်ဟု ခန့်မှန်းရပြီး အနာဂတ်အတွက် ကြီးမားသောအကျိုးဆက်များဖြစ်လာမည်ကို အစိုးရက စိုးရိမ်နေသည်။

လူဦးရေကျဆင်းမှုသည် ၂၀၂၂ ခုနှစ်တွင်ပင် စတင်နေနိုင်သည်ဟု လူဦးရေစာရင်းကောက်ပညာရှင်များက ခန့်မှန်းထားကာ ၎င်းအချိုးအကွေ့က အစိုးရ၏စီးပွားရေးလက်နက်များကို အားလျော့စေကာ ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း တိုင်းပြည်စီးပွားရေးကို ဦးဆောင်သော တရုတ်၏အဓိကစီးပွားရေးလက်နက်ဖြစ်သည့် ကုန်ထုတ်လုပ်မှုကို တစ်ဖန် သက်ရောက်လာနိုင်သည်ဟု ဆောင်းပါးရှင် ဗယ်လာရီယိုဖက်ဘရီက Portal Plus သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

တရုတ်နိုင်ငံသည် မြင့်တက်လာသော ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအသုံးစရိတ်များကို ဖြည့်ဆည်းရန် ရုန်းကန်နေသလို ပြင်းထန်လွန်‌သော ကိုဗစ်-၁၉ လုံးဝပပျောက်ရေးဆိုင်ရာ အသုံးစရိတ်မှာလည်း ကြီးမားလှသည်။ ချုံးချုံးကျနေသော အိမ်ခြံမြေကဏ္ဍမှ အခွန်ရရှိမှုမှာလည်း ကျဆင်းနေကာ လူဦးရေလည်း နည်းလာသည်ဟု Portal Plus က ဖော်ပြသည်။

တရုတ်နိုင်ငံပြည်နယ်အများအပြားတွင် ၂၀၂၁ ခုနှစ်၌ ကလေးမွေးဖွားမှုသည် ဒေသအများအပြားအတွင် ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးဖြစ်သည်ဟု Global Times ကို ကိုးကား၍ Portal Plus က ဆိုသည်။

အလယ်ပိုင်း ဟူနန်ပြည်နယ်တွင် မွေးဖွားမှုအရေအတွက်သည် နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ၅၀၀ ၀၀၀ အောက်သို့ ရောက်ရှိခဲ့သည်။ တရုတ်တောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင်သာ ကလေးမွေးဖွားမှု ၁ သန်းအထက်ရှိကြောင်း Portal Plus ၌ ရေးသားထားသည်။

ဥပဒေအရ တရုတ်ကလေးများသည် မွေးဖွားပြီး ၁ ရက်မှ ၃ ရက်အတွင်း ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ကြရသည်။ ဟဲနန်ပြည်နယ်သည် ယခုနှစ်တွင် မွေးကင်းစကလေးအရေအတွက်ကို မထုတ်ပြန်သေးပေ။ တရုတ်လူမျိုး ၂၆၇ သန်းခန့်သည် အသက် ၆၀ နှစ်နှင့်အထက် အရွယ်များဖြစ်ပြီး စုစုပေါင်းလူဦးရေ၏ ၁၈ ဒသမ ၉ ရာခိုင်နှုန်းရှိသည်ဟု Portal Plus၌ ဖော်ပြထားသည်။

တီယန်ကျင်းရှိ Nankai တက္ကသိုလ်မှ လူဦးရေစာရင်းပညာပါမောက္ခ ယွမ်ရှင်း၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်တွင် လူဦးရေ၏ ၅ ပုံ ၁ ပုံသည် အသက် ၆၀ နှစ်နှင့် အထက်ဖြစ်လိမ့်မည်ဟု ဆိုသည်။

လာမည့်ဆယ်စုနှစ်အတွင်းတွင် နှစ်စဉ်ပျမ်းမျှလူပေါင်း သန်း ၂၀ ကျော်သည် အငြိမ်းစားယူမည့် အရွယ်ရောက်ကြမည်ဖြစ်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီလက်အောက်ရှိ ကွန်မြူနစ်ပါတီကထုတ်ဝေသည့် Banyuetanကို ကိုးကား၍ Portal Plus မှဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly