ရေကြီးမှုဒဏ်ခံထားရသည့် ပါကစ္စတန်၏ စီးပွားရေးတိုးတက်မှုနှုန်းက ၂ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ် လျှော့ချခန့်မှန်း

By The News International
18 October 2022
ရေကြီးမှုဒဏ်ခံထားရသည့် ပါကစ္စတန်၏ စီးပွားရေးတိုးတက်မှုနှုန်းက ၂ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ် လျှော့ချခန့်မှန်း

ရေကြီးမှုဒဏ် အကြီးအကျယ်ခံထားရသည့် ပါကစ္စတန်နိုင်ငံ၏ မေကရိုဘောဂဗေဒဆိုင်ရာ ခန့်မှန်းချက်များကို ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၆ ရက်တွင် အနိမ့်ဘက်သို့ ပြန်လည်ပြင်ဆင်ခဲ့ပြီး အဆိုပါနိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုကို လျှော့ချခန့်မှန်းခဲ့သလို ငွေကြေးဖောင်းပွမှု မြင့်တက်မည်ဖြစ်ပြီး ငွေရေးကြေးရေးနှင့် ပြည်ပဆိုင်ရာ လိုငွေပြမှုပိုင်းတွင်လည်း ပိုမိုဆိုးဝါးလိမ့်မည်ဟုလည်း ခန့်မှန်းခဲ့သည်။

ထို့ပြင် ပါကစ္စတန်၏ ရေဘေးသင့် ဒေသများအတွက် ချေးငွေဒေါ်လာ ၂ ဘီလီယံ ထုတ်ပေးမည်ဟု ကမ္ဘာ့ဘဏ်က ကတိပြုထားခဲ့သည်။

တောင်အာရှဒေသတွင် ဂျီဒီပီ တိုးတက်မှုနှုန်း အနုတ်လက္ခဏာသို့ သွားမည်ဟု ခန့်မှန်းခြင်းခံထားရသော သီရိလင်္ကာနိုင်ငံ၏ နောက်တွင် ပါကစ္စတန်၏ ဘောဂဗေဒဆိုင်ရာ ခန့်မှန်းချက်က ဒုတိယမြောက် အဆိုးဆုံးအဖြစ် ရှိနေသည်။

“ပြည်တွင်းနဲ့ ပြည်ပ မျက်နှာစာတွေမှာ ဒဏ်ခံနိုင်မယ့် အရာတွေ မဖန်တီးဘူးဆိုရင် တောင်အာရှနိုင်ငံတွေရဲ့ စီးပွားရေးတွေဟာ သီရိလင်္ကာလိုပဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု ကမ္ဘာ့ဘဏ်၏ တောင်အာရှဒေသဆိုင်ရာ စီးပွားရေးပညာရှင် ဟန်းစ် တင်းမားက ပြောသည်။

အောက်တိုဘာ ၆ ရက်က ကမ္ဘာ့ဘဏ်၏ တောင်အာရှဆိုင်ရာ ၂၀၂၂ စီးပွားရေး အလားအလာ မျှော်မှန်းချက်ကို ထုတ်ဖော်ချိန် ဝါရှင်တန်ဒီစီမှ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားစဉ် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုနှုန်းကို မူလက ၅ ရာခိုင်နှုန်းဟု ကမ္ဘာ့ဘဏ်က တရားဝင် ခန့်မှန်းထားခဲ့ရာကနေ ယခုအခါ ၂ ရာခိုင်နှုန်းသို့ လျှော့ချပြီး ပြင်ဆင်ခန့်မှန်းခဲ့သည်။ ထို့ပြင် ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှုနှုန်းကို မူလက ၁၁ ဒသမ ၅ ရာခိုင်နှုန်းဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားရာကနေ ယခုအခါ ၂၃ ရာခိုင်နှုန်းအဖြစ် တိုးမြှင့်လိုက်သည်။ အလားတူ ဘတ်ဂျက်လိုငွေပြမှုကိုလည်း မူလက ဂျီဒီပီ၏ ၄ ဒသမ ၉ ရာခိုင်နှုန်းအဖြစ် တရားဝင်ခန့်မှန်းထားရာမှ ယခုအခါ ဂျီဒီပီ၏ ၆ ဒသမ ၉ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲခန့်မှန်းခဲ့သည်။ ထို့ပြင် လက်ရှိဘဏ္ဍာနှစ်အတွက် ချေးငွေအတိုးပေးချေမှုမပါ အစိုးရ၏ ဝင်ငွေနှင့် အသုံးစရိတ်အကြား ခြားနားချက်ကိုလည်း ယခင် တရားဝင် လျာထားချက်ဖြစ်သည့် ဂျီဒီပီ၏ ၀ ဒသမ ၂ ရာခိုင်နှုန်း ပိုလျှံမှုအဖြစ်မှ ယခုအခါ ဂျီဒီပီ၏ အနုတ် ၃ ရာခိုင်နှုန်း အဖြစ် ပြောင်းလဲခန့်မှန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required