အာဏာရတရုတ်ကွန်မြူနစ်ပါတီက ၁၀ နှစ်အတွင်း ပါတီဝင် ၅ သန်းနီးပါးကို အဂတိလိုက်စားမှုအတွက် စုံစစမ်းစစ်ဆေးခဲ့ဟု ဆို

အာဏာရတရုတ်ကွန်မြူနစ်ပါတီက ၁၀ နှစ်အတွင်း ပါတီဝင် ၅ သန်းနီးပါးကို အဂတိလိုက်စားမှုအတွက် စုံစစမ်းစစ်ဆေးခဲ့ဟု ဆို

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ပါတီဝင် ၅ သန်း နီးပါးကို စုံစမ်းစစ်ဆေးခဲ့ကြောင်း အာဏာရကွန်မြူနစ်ပါတီ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ အကြီးတန်းအရာရှိက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားသည်။ ပါတီ၏ စည်းကမ်းစည်းမျဉ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် အောက်တိုဘာ ၁၇ ရက်က မီဒီယာများနှင့် တွေ့ဆုံခဲ့ပြီး အဖွဲ့ဝင်များသည် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ၎င်းတို့ အောင်မြင်မှုများကို ရှင်းပြခဲ့ကြောင်း NHK World က ဖော်ပြခဲ့သည်။ မီဒီယာတွေ့ဆုံပွဲကို ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားညီလာခံ သီးသန့်အစည်းအဝေးအဖြစ် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ပါတီဝင် ၄ ဒသမ ၆၄ သန်းကို အကျင့်ပျက်ခြစားမှုနှင့် တခြားသော စည်းကမ်းဖောက်ဖျက်မှုဖြစ်နိုင်ခြေများ အတွက် စုံစမ်းစစ်ဆေးထားကြောင်း ၎င်းတို့က ပြောသည်။

ကော်မရှင်၏ လက်ထောက်အတွင်းရေးမှူး ရှောင်ပေက ပါတီနှင့် အစိုးရခေါင်းဆောင်များအကြား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သလို စည်းကမ်း ထိန်းသိမ်းခြင်းဖြင့် ပါတီသည် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြား ခဲ့သည်ဟု NHK World က ဖော်ပြသည်။

အဓိကမူဝါဒများအနက်တစ်ခုဖြစ်သော ရှီ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုသည် ၎င်း၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ခိုင်မာစေရန် အထောက်အကူပြုသည်ဟု ဆိုကြသည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ပစ်မှတ်ထားခံရသူများတွင် ပါတီခေါင်းဆောင်ပိုင်း အဖွဲ့ဝင်ဟောင်းများနှင့် မျိုးဆက်သစ်ခေါင်းဆောင်များ ပါဝင်ခဲ့ကြသည်။ ကွန်မြူနစ်ပါတီအကြီးအကဲ ရှီကျင့်ဖျင်သည် နောက် သက်တမ်း ၅ နှစ်အတွက် သက်တမ်းဆက်တိုးမည်မှာ သေချာကြောင်း ဒေသတွင်းကျွမ်းကျင်ပညာရှင်များက ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required