တရုတ်၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်ကို လက်ခံမည်မဟုတ်ကြောင်း ထိုင်ဝမ် ဒုနိုင်ငံခြားရေးဝန်ကြီး ပြော

တရုတ်၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်ကို လက်ခံမည်မဟုတ်ကြောင်း ထိုင်ဝမ် ဒုနိုင်ငံခြားရေးဝန်ကြီး ပြော

တရုတ်က ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးအတွက် တစ်နေ့ထက်တစ်နေ့ ပိုမိုကြိုးပမ်းလာချိန်တွင် ထိုင်ဝမ်၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တီယန်ချန်ကွမ်က ထိုင်ဝမ်အနေဖြင့် တရုတ်နိုင်ငံက သတ်မှတ်သော မည်သို့သောတစ်ဖက်သက်ဆုံးဖြတ်ချက်ကိုမဆို လက်ခံမည်မဟုတ်ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားလိုက်သည်။ ဒုဝန်ကြီးက ထိုင်ဝမ်၏အချုပ်အခြာအာဏာနှင့်ပတ်သက်၍ ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးသည် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်းနှင့် အချိန်တိုင်း ဂရုထား ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု Taiwan News က ဖော်ပြသည်။ ထိုင်ဝမ်ကို အီးယူနိုင်ငံများက ထောက်ခံမှုသည် မကြာသေးမီနှစ်များအတွင်း သိသာထင်ရှားလာသည်ဟု တီယန်က နိုင်ငံတကာအဖွဲ့အစည်းများ၏ ထိုင်ဝမ်အပေါ်ထောက်ခံမှုကို ထုတ်ဖော်ပြောခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်က တရုတ်သည် ထိုင်ဝမ်နှင့်ပေါင်းစည်းရေးအတွက် အင်အားအသုံးပြုမှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သလို ထိုင်ဝမ်ကလည်း အချုပ်အခြာအာဏာ၊ ဒီမိုကရေစီနှင့် လွတ်လပ်မှုတို့ကို ဘယ်သောအခါမှ အထိခိုက်ခံမည်မဟုတ်ကြောင်း တုံ့ပြန်လိုက်သည်။

“အမျိုးသားလုံခြုံရေးအဖွဲ့က အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး နောက်ဆက်တွဲဖြစ်ပေါ် တိုးတက်မှုတွေကို အမြဲ အာရုံစိုက်သွားမှာပါ” ဟု ထိုင်ဝမ်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ချန်တန်ဟန်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။

“နယ်မြေအချုပ်အခြာအာဏာ၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို အထိခိုက်မခံဘူးဆိုတာ ထိုင်ဝမ်ပြည်သူတွေရဲ့ ဆန္ဒပါ။ ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးအတွက် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုဟာ ရွေးချယ်စရာ မဟုတ်ဘူး” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံကျင်းပနေချိန်တွင် ရှီကျင့်ဖျင်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါညီလာခံတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေအထွေအတွင်းအရေးမှူးချုပ် သို့မဟုတ် ၁၉၈၂ ခုနှစ်နောက်ပိုင်း သုံးနှုန်းခြင်းမရှိတော့သည် တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌကို ရွေးချယ်မည် ဖြစ်ကာ တစ်ချိန်က မော်စီတုံး တာဝန်ယူခဲ့သည့် အမြင့်ဆုံးရာထူးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required