ပါကစ္စတန်အစိုးရက ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို သစ္စာဖောက်ဟု သုံးနှုန်းခေါ်ဆို

ပါကစ္စတန်အစိုးရက ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို သစ္စာဖောက်ဟု သုံးနှုန်းခေါ်ဆို

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းသည် သစ္စာဖောက် တစ်ဦး ဖြစ်ကြောင်း လက်ရှိ အာဏာရညွန့်ပေါင်းအစိုးရက သုံးနှုန်းပြောဆိုလိုက်ပြီး အစ္စလမ်မာဘတ်ကို မတိုက်ခိုက်ရန် သတိပေးလိုက်သည်။

နိုင်ငံတွင် ဖရိုဖရဲ အခြေအနေများ ဖြစ်ပေါ်စေရန် လမ်းဖွင့်ပေးသော အသုံးချခံ ဖြစ်မလာစေရေး ရှောင်ကြဉ်ကြရန် လက်ရှိ အာဏာရ ညွန့်ပေါင်းအစိုးရက ပန်ဂျပ်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်အစိုးရများကို တိုက်တွန်းခဲ့သည်။ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် က ၎င်း၏ နေအိမ်၌ ကြီးမှူး

ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း Geo News က ဖော်ပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေ ကန့်သတ်ချက်များကို ကျော်လွန်ပြီး ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း အစ္စလမ်မာဘတ်ကို တိုက်ခိုက်လာမည်ကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း အစည်းအဝေးတွင် ပါဝင်တက်ရောက်သူများက ဆုံးဖြတ်ခဲ့ကြသည်။ အစ္စလမ်မာဘတ်သို့ ခရီးဝေးချီတက်ဆန္ဒပြရန် အီမရန်ခန်းက ပြောကြားထားမှုနှင့်ပတ်သက်ပြီး ရည်ညွှန်းခြင်း ဖြစ်သည်။

အစောပိုင်းက PTI ပါတီဥက္ကဋ္ဌ အီမရန်ခန်းက မြို့တော် အစ္စလမ်မာဘတ်သို့ ခရီးဝေးချီတက်မှုအတွက် ပါတီဝင်များ အသင့်ပြင်ထားကြရန် ညွှန်ကြားခဲ့သလို ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များအနေဖြင့် ခရီးဝေး ချီတက်မှုကို နိုင်ငံ‌အတွက် ကြိုးပမ်းမှုဟု သဘောထားပြီး ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ကတိသစ္စာပြုကြရန် ပန်ကြားခဲ့သည်။ ချီတက်မည့် နေ့ရက်ကို အီမရန်ခန်းက ထုတ်ဖော်ခြင်း မရှိသေးပေ။

ဖွဲ့စည်းပုံဥပဒေကို ဆန့်ကျင်လုပ်ဆောင်ရေး နိုင်ငံအဖွဲ့အစည်းများကို သွေးထိုးလှုံ့ဆော်မှုူအတွက် အီမရန်ခန်းကို “သစ္စာဖောက်၊ ပူးပေါင်းကြံစည်သူနှင့် အဓိကရုဏ်းတွင် ပါဝင်သူ” အဖြစ် အစည်းအဝေးတွင် တက်ရောက်သူများ က သုံးနှုန်းခဲ့ကြကြောင်း Geo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required