ဟောင်ကောင်တွင် အရွယ်မရောက်သေးသူများအား ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ကုလလူ့အခွင့်အရေးအဖွဲ့က သတိပေး

ဟောင်ကောင်တွင် အရွယ်မရောက်သေးသူများအား ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ကုလလူ့အခွင့်အရေးအဖွဲ့က သတိပေး

ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေအရ အရွယ်မရောက်သေးသူ ၄ ဦးအပါအဝင် လူ ၅ ဦးကို စီရင်ချက်ချခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အောက်တိုဘာ ၁၁ ရက်တွင် သတိပေးလိုက်သည်။

“တရုတ်နိုင်ငံရဲ့ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေအရ အရွယ်မရောက်သေးသူ ၄ ဦးအပါအဝင် ၅ ဦးကို အောက်တိုဘာ ၈ ရက်က စီရင်ချက်ချလိုက်တဲ့အတွက် ကျွန်တော်တို့ ထိတ်လန့်ရပါတယ်” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ပြောရေးဆိုခွင့်ရှိသူ ရာဗီးနားရှမ်ဒါဆာနီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြစ်ဒဏ်ချမှတ်ခံရသော လူငယ် ၅ ဦးသည် တရုတ်က ပြဋ္ဌာန်းထားသော လုံခြုံရေးဥပဒေအရ ဆူပူအုံကြွမှုအတွက် အဖျက်အမှောင့်လုပ်ဆောင်ရာ၌ အားပေးအားမြှောက်ပြုရာတွင် ပါဝင်မှုစွဲအချက်အတွက် အပြစ်ရှိကြောင်း အစောပိုင်းက ဝန်ခံခဲ့သည်။

အသက် ၁၇ နှစ်အရွယ် ယန်ကာဟင်၊ ၁၆ နှစ်အရွယ် ဝမ်ချန်ဝေ၊ ၁၇ နှစ်အရွယ် လန်ယန်ဝမ်နှင့် ၁၇ နှစ်အရွယ် ဆန်ချောင်ချင်းယုတို့သည် ပြစ်ဒဏ်ချမှတ်ခံရသည့် ပထမဆုံး လူငယ် ၄ ဦးဖြစ်သည်။ နိုင်ငံရေးအဖွဲ့ဝင်ဖြစ်သည့် အသက် ၁၉ နှစ်အရွယ် ကွမ်မန်ဟေအပါအဝင် လူငယ်အားလုံးသည် အသက် ၂၁ နှစ်အောက်ဖြစ်သည့်အတွက် ထောင်ဒဏ်အစား ထိန်းသိမ်းရေးစခန်းတွင် နေရန် ပြစ်ဒဏ်ချမှတ်ခံရသည်။

"ကုလလူ့အခွင့်အရေးရုံးနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရားအများအပြားသည် ဟောင်ကောင်ရှိ အခြေခံရပိုင်ခွင့်များနှင့် လွတ်လပ်မှုများအပေါ် အမျိုးသားလုံခြုံရေးဥပဒေ၏ အပျက်သဘောဆောင်သောသက်ရောက်မှုအပေါ် စိုးရိမ်ပူပန်ကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေ၊ အထူးသဖြင့် ပြည်သူနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICCPR) နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ

ကွန်ဗင်းရှင်းအောက်ရှိ တာဝန်များကို ဟောင်ကောင်အာဏာပိုင်များအား သတိပေးခဲ့သည်။ “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် ပုဒ်မ ၃၇ ၌ “ကလေးသူငယ်အား ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း သို့မဟုတ် အကျဉ်းချခြင်းသည် ဥပဒေနှင့်အညီ ဖြစ်ရမည်။ နောက်ဆုံး မဖြစ်မနေ အခြေအနေ မျိုးတွင်သာ အသုံးပြုရမည်ဖြစ်ကာ အချိန်အတိုဆုံးနှင့် သင့်လျော်သော ကာလအတွက်သာ အသုံးပြုရမည် " ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်ပြည်မကြီးအာဏာပိုင်များသည် အမျိုးသားလုံခြုံရေးဥပဒေပါ စည်းကမ်းချက်များအရ ပြစ်မှုကျူးလွန်သူ သို့မဟုတ် ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရသူများအား အခြေအနေအရ ဖမ်းဆီးကာ ရုံးတင်စစ်ဆေးနိုင်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required