ကက်ရှ်မီးယားအရေးတွင် ကြားအဖွဲ့အစည်း ပါဝင်ရန် မလိုကြောင်း အိန္ဒိယအစိုးရ ထပ်မံပြောကြား

By India News
11 October 2022
ကက်ရှ်မီးယားအရေးတွင် ကြားအဖွဲ့အစည်း ပါဝင်ရန် မလိုကြောင်း အိန္ဒိယအစိုးရ ထပ်မံပြောကြား

ကက်ရှ်မီးယားပြဿနာ ပြောလည်စေရန် ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်ရေး ပါကစ္စတန်နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုမှုအပေါ် အိန္ဒိယအစိုးရက အောက်တိုဘာ ၈ ရက်တွင် ကန့်ကွက်လိုက်ပြီး ဂျမူးနှင့် ကက်ရှ်မီးယားကို ကာလကြာမြင့်စွာ ပစ်မှတ်ထားနေသည့် ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမားများ ပြဿနာကိုသာ အဓိကထား ဆောင်ရွက်ရန် ပြန်လည်ပြောကြားလိုက်သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ်ဘူတို ဇာဒါရီနှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အာနယ်လီနာဘာရာဘော့တို့ အောက်တိုဘာ ၇ ရက်က ဘာလင်မြို့တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းကို အိန္ဒိယပြည်ပရေးရာဝန်ကြီးက ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်နှင့် အိန္ဒိယတို့ ပူးပေါင်းဆောင်ရွက်ပြီး အာဖဂန်နစ္စတန်သို့ စားနပ်ရိက္ခာများ ပေးပို့ခြင်းအပေါ် ဂျာမနီနနိုင်ငံခြားရေးဝန်ကြီး အသိအမှတ်ပြုခဲ့သလို ကက်ရှ်မီးယားပြဿနာတွင် ကုလသမဂ္ဂ၏ပါဝင်ဆောင်ရွက်ရေးအတွက်လည်း တိုက်တွန်းခဲ့သည်။

ကက်ရှ်မီးယားအခြေအနေနှင့် ပတ်သက်၍ ဂျာမနီတွင်လည်း တာဝန်ရှိနေကြောင်း ပြောကြားချက်ကိုလည်း အိန္ဒိယအစိုးရက တုန့်ပြန်ကန့်ကွက်ခဲ့သလို ကက်ရှ်မီးယားအရေးသည် မိမိတို့နှင့် ပါကစ္စတန်တို့အကြား နှစ်နိုင်ငံ အရေးကိစ္စဖြစ်ကာ ကြားအုပ်စုတစ်ခုခု ပါဝင်ရန် မလိုကြောင်း ပြောကြားခဲ့သည်။

“စိုးရိမ်ပြီး ဂရုစိုက်ပေးကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နို်ငငံတကာအကြမ်းဖက် လုပ်ရပ်တွေ အထူးသဖြင့် နယ်စပ်ဖြတ်ကျော် ပြဿနာတွေကို ဖြေရှင်း တာဝန်ရှိပါတယ်” ဟု အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန၏ ပြောခွင့်ရအရာရှိ အရင်ဒမ်ဘက်ချီက ပြောကြားခဲ့သည်။

“အိန္ဒိယ ပြည်ထောင်စုနယ်မြေ ဂျမူးနဲ့ ကက်ရှ်မီးယားဟာ အကြမ်းဖက်လှုပ်ရှားမှုတွေ ဆယ်စုနှစ်များစွာ မွေးဖွားစတင်ခဲ့တဲ့နေရာဖြစ်ပြီး အခုလည်း ဖြစ်လက်ဖြစ်ပွားနေတုန်းပါ” ဟု ၎င်းက ပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) တို့က ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမားများကိစ္စကို ကိုင်တွယ်နေဆဲဖြစ်ကြောင်း ပါကစ္စတန်မှ Lashkar-e-Taiba (LeT) အကြမ်းဖက်အဖွဲ့မှ မွမ်ဘိုင်းမြို့တွင် ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။

“နိုင်ငံတွေက ဒီလိုအန္တရာယ်မျိုးတွေကို အသိအမှတ်မပြုလို့ဘဲ ဖြစ်ဖြစ် တစ်စိတ်တည်း တစ်ဉာဏ်တည်းမို့လို့ပဲ ဖြစ်ဖြစ် ငြိမ်းချမ်းမှုရဲ့ အကြောင်းရင်းကို ဖျက်ဆီးနေတာပါ။ အကြမ်းဖက်ဝါဒရဲ့ မြေဇာပင်တွေအတွက် တရားမျှတမှု ကင်းမဲ့အောင် လုပ်နေတာပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly