အတွင်းမွန်ဂိုးလီးယားက ပေကျင်းမြို့သို့ ကိုဗစ်မကူးစက်စေရေး အသည်းအသန်ကြိုးပမ်း

အတွင်းမွန်ဂိုးလီးယားက ပေကျင်းမြို့သို့ ကိုဗစ်မကူးစက်စေရေး အသည်းအသန်ကြိုးပမ်း

အတွင်းမွန်ဂိုးလီးယားမှ ဒေသန္တရအစိုးရများသည် ပြီးခဲ့သည့် ၁၀ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂ ၀၀၀ ကျော် တွေ့ရှိပြီးနောက် မြို့ကြီးများနှင့် ကောင်တီများကို အသွားအလာပိတ်ဆို့ကာ မြို့တော် ပေကျင်းသို့ ကိုဗစ်-၁၉ မကူးစက်ရေးအတွက် အသည်းအသန် ကြိုးပမ်းလျက်ရှိသည်။

အတွင်းမွန်ဂိုးလီးယား၌ အောက်တိုဘာ ၈ ရက်က ရောဂါကူးစက်သူ ၆၃၇ ဦး ရှိခဲ့ပြီး တရုတ်နိုင်ငံ ပြည်နယ်များအတွင်း ကူးစက်မှုအမြင့်ဆုံးဖြစ်ကာ အများစုမှာ ရောဂါလက္ခဏာမပြပေ။

လူထောင်ပေါင်းများစွာသည် ရက်သတ္တပတ်ကြာ နိုင်ငံ့အားလပ်ရက်အတွင်း ခရီးစဉ်များပြီးနောက် ပေကျင်းသို့ ရထားလက်မှတ်နှင့် လေယာဉ်လက်မှတ်များ မှာယူ၍မရဘဲ ပြန်ခွင့် မရဖြစ်ခဲ့သည်။

တခြားသူများမှာလည်း ရောဂါကူးစက်မှုမြင့်မားသော သို့မဟုတ် ကူးစက်မှုအသင့်အတင့်ရှိသော ဧရိယာများနှင့် ဝေးသော်လည်း ပေကျင်းရှိ အိမ်များတွင် ၇ ရက်အထိ သီးခြားခွဲနေရသည်။

အစိုးရအချက်အလက်များအရ တရုတ်နိုင်ငံတွင် ၇ ရက်တာ အားလပ်ရက်အတွင်း ခရီးစဉ်ပေါင်း၄၂၂ သန်း ရှိပြီး ယမန်နှစ် အားလပ်ရက်ထက် ၁၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တရုတ်နိုင်ငံယူနန်ပြည်နယ် အနောက်တောင်ပိုင်းရှိ ခရီးသွားများဖြင့် စည်ကားသော ရှီရွှမ်ဘန်နာစီရင်စုသည် အားလပ်ရက်အတွင်း တင်းကျပ်သော ကန့်သတ်ချက်များ ကြုံတွေ့ခဲ့ပြီး အောက်တိုဘာ ၆ ရက်က အိုမီခရွန် BA.5.2မျိုးကွဲ ကူးစက်သူ ၁၂ ဦးတွေ့ရှိပြီးနောက် ဒေသများကို အသွားအလာပိတ်ဆို့ကာ အပြင်သို့ ထွက်ခွင့်မပေးတော့ပေ။

အနောက်မြောက်ပိုင်း ရှင်ကျန်းမြို့တော် အူရမ်ကီတွင်လည်း အောက်တိုဘာ ၄ ရက်က ပြည်နယ်တွင်းမှ ထွက်ခွာခွင့် ဆိုင်းငံ့ပြီးနောက် ခရီးသွားများအတွက် အရေးပေါ် နေရာထိုင်ခင်းများ စီစဉ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly