ဝီဂါမွတ်စလင်များအား တရုတ်အစိုးရ၏ ဆက်ဆံရေးအပေါ် ဆွေးနွေးရန် အဆိုပြုချက်အား ကုလသမဂ္ဂက ပယ်ချလိုက်ခြင်းသည် အနောက်နိုင်ငံများအတွက် ထိုးနှက်ချက်ဖြစ်

ဝီဂါမွတ်စလင်များအား တရုတ်အစိုးရ၏ ဆက်ဆံရေးအပေါ် ဆွေးနွေးရန် အဆိုပြုချက်အား ကုလသမဂ္ဂက ပယ်ချလိုက်ခြင်းသည် အနောက်နိုင်ငံများအတွက် ထိုးနှက်ချက်ဖြစ်

တရုတ်အစိုးရက ဝီဂါနှင့်ရှင်ကျန်းရှိအခြားသောမွတ်စလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြောင်း စွပ်စွဲခံထားရမှုနှင့် ပတ်သက်၍ နောက်ထပ်စစ်ဆေးမှုကိုရှောင်ရှားရန်ကြိုးပမ်းနေချိန်တွင် အဆိုပါကိစ္စအား မဆွေးနွေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အောက်တိုဘာ၆ရက်တွင် မဲခွဲပယ်ချလိုက်ခြင်းသည် ယင်းအဆိုအား ဦးဆောင်တင်သွင်းသည့် အနောက်နိုင်ငံများအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာသည်။

ယင်းအဆိုအား ကန့်ကွက်မဲ၁၉မဲ၊ထောက်ခံမဲ၁၇မဲ၊ကြားနေမဲ၁၁မဲဖြင့်ရှုံးနိမ့်ခဲ့ခြင်းသည် ကောင်စီ၏ ၁၆နှစ်တာသမိုင်းတွင် ဒုတိယ အကြိမ်အဆိုကိုပယ်ချခဲ့ခြင်းဖြစ်ပြီး တာဝန်ခံရန်ကြိုးပမ်းမှုများ၊ လူ့အခွင့်အရေးဆိုင်ရာအနောက်နိုင်ငံများ၏ကိုယ်ကျင့်တရားဆိုင်ရာအခွင့်အာဏာနှင့်ကုလသမဂ္ဂကိုယ်တိုင်၏ ယုံကြည်ကိုးစားခံရမှုဆိုင်ရာ ဆုတ်ယုတ်မှုအဖြစ် အကဲခတ်များက ရှုမြင်ကြသည်။

အမေရိကန်၊ကနေဒါနှင့်ဗြိတိန်တို့သည်အဆိုပြုသည့်နိုင်ငံများထဲတွင်ပါဝင်ခဲ့သည်။ “ဒါကထိန့်လန့်စရာတစ်ခုပါပဲ။တကယ့်ကိုစိတ်ပျက်စရာပါပဲ”ဟုစခန်းတစ်ခုတွင်မိခင်သေဆုံးပြီးညီအစ်ကို၂ဦးပျောက်ဆုံးနေသည့် ကမ္ဘာ့ဝီဂါကွန်ဂရက်ဥက္ကဋ္ဌ ဒိုလ်ခန်အိုင်စာက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဘယ်တော့မှ လက်မလျှော့ဘူး။ မွတ်စလင်နိုင်ငံတွေရဲ့တုံ့ပြန်မှုတွေက တကယ့်ကို စိတ်ပျက်စရာပါပဲ”ဟု၎င်းကပြောကြားခဲ့သည်။

ကာတာ၊အင်ဒိုနီးရှား၊အာရပ်စော်ဘွားများပြည်ထောင်စုနှင့်ပါကစ္စတန်တို့က တရုတ်နှင့်ကင်းကွားသွားမည့် အန္တရာယ်ကို ကိုးကားပြီးယင်းအဆိုကိုပယ်ချခဲ့သည်။

မဲပေးမှုမှတ်တမ်းသည် ရှက်စရာကောင်းကြောင်း လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဝန်ဆောင်မှုဌာနမှညွှန်ကြားရေးမှူးဖေးလ်လင်းချ်က Twitter တွင်ရေးသားခဲ့သည်။

“ရှင်ကျန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကလူ့အခွင့်အရေးပြဿနာတွေမဟုတ်ဘဲ အကြမ်းဖက်မှုတန်ပြန်ရေး၊အစွန်း ရောက်မှုလျော့ချရေးနဲ့ ခွဲထွက်မှုဆန့်ကျင်ရေးကိစ္စတွေပါ”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၆ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းအဆိုပြုချက်သည် တရုတ်ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ရေးအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ကိုအသုံးချရန် အမေရိကန်နှင့်အနောက်နိုင်ငံအချို့၏ ကြိုးပမ်းမှုဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏တရားဝင်ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required