ငွေကြေးဖောင်းပွမှုမြင့်တက်ပြီး ကမ္ဘာ့စီးပွားရေး ချည့်နဲ့လာချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ တရုတ်က အကြွေးတောင်းသူများအဖြစ် ကသိကအောက်ဖြစ်စရာ အလုပ်ကို လုပ်ဆောင်နေရသည်။
တရုတ်သည် ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း နိုင်ငံများစွာအတွက် ရွေးချယ်စရာ မြီရှင်ဖြစ်ခဲ့သည်။ ကျည်ဆန်ရထားများ၊ ရေအားလျှပ်စစ်ထုတ်ရေကာတာများ၊ လေဆိပ်များနှင့် အဝေးပြေးလမ်းများ တည်ဆောက်ရန် အစိုးရများအား ရန်ပုံငွေများ ထုတ်ပေးခဲ့သည်။ သို့သော် ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး စီးပွားရေးများ အားနည်းလာချိန်တွင် တရုတ်နိုင်ငံသည် မရေရာသော အခြေအနေတွင် ရှိနေသည်။
တရုတ်သည် နိုင်ငံများစွာ၏ ဘဏ္ဍာရေးအစုရှယ်ယာများကို အများအပြားပိုင်ဆိုင်ထားပြီး အပြည့်အဝမရသေးသည့် ကြွေးမြီများစွာလည်းရှိနေသောကြောင့် တရုတ်အရာရှိများသည် ဆင်းရဲမွဲတေသောနိုင်ငံများတွင် အကြွေးတောင်းသူများ ဖြစ်လာရကြောင်း ဆောင်းပါးရှင် ကိတ်ဘရက်ရှာက Sydney Morning Herald (SMH)တွင် ရေးသားထားသည်။
တောင်အမေရိကရှိ ဆူရီနမ်နိုင်ငံသည် ကြွေးမြီများ ပြန်မဆပ်နိုင်သောအခါ တရုတ်အစိုးရဘဏ်က ဆူရီနမ်၏ ဘဏ်အကောင့်တစ်ခုကို ထိန်းချုပ်ထားသည်။
ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် စားနပ်ရိက္ခာနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်မှုနှင့်အတူ ကပ်ရောဂါ၏ အကျိုးဆက်များကြောင့် ဆင်းရဲမွဲတေသောနိုင်ငံများ၏ စီးပွားရေးချွတ်ခြုံကျမှုမှာ သိသာထင်ရှားလာပြီး နိုင်ငံအများအပြားသည် တရုတ်ဆီမှ ငွေအမြောက်အမြား ချေးယူခဲ့ကြသည်။
ပါကစ္စတန်သည် တရုတ်ဆီမှ ယူထားသော ချေးငွေများ များပြားလာကာ ပြည်သူ့ကြွေးမြီသည် ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း ၂ ဆကျော် ဖြစ်လာသလို ကင်ညာက ၉ ဆနှင့် ဆူရီနမ်က ၁၀ ဆစသဖြင့် များပြားလာသည်။
ကမ္ဘာ့ဖွဲ့ဖြိုးဆဲနိုင်ငံများ၏ ၅ ပုံ ၃ ပုံမှာ ယခုအခါ အကြွေးပြန်ဆပ်ရန် အခက်ကြုံနေခြင်း သို့မဟုတ် အကြွေးနွံနစ်လျက်ရှိသည်။
ကမ္ဘာ့ဆင်းရဲနွမ်းပါးသောနိုင်ငံ ထက်ဝက်ကျော်သည် အနောက် နိုင်ငံများအားလုံးပေါင်းထက်ပင် တရုတ်ကို ပေးဆပ်ရမည့် ကြွေးမြီမှာ ပိုမိုများပြားနေသည်။