ရှင်ကျန်းအာဏာပိုင်များက ကိုဗစ်ကို မထိန်းချုပ်နိုင်ခဲ့ကြောင်း ဝန်ခံကာ  ဒေသပြင်ပသို့ ခရီးသွားခွင့်ပိတ်ထားကာ 

ရှင်ကျန်းအာဏာပိုင်များက ကိုဗစ်ကို မထိန်းချုပ်နိုင်ခဲ့ကြောင်း ဝန်ခံကာ  ဒေသပြင်ပသို့ ခရီးသွားခွင့်ပိတ်ထားကာ 

တရုတ်နိုင်ငံ ရှင်ကျန်းဒေသသည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ဒေသတွင်းမှ ထွက်ခွာသော ခရီးသည်တင်ရထားပြေးဆွဲမှုအားလုံးကိုရပ်ဆိုင်းထားသလို ပြီးခဲ့သည့် ၂ လတာအတွင်း   ပြည့်စုံလုံလောက်မှု မရှိသော စီမံမှုများကြောင့်  ရောဂါဖြစ်ပွားမှုကို မထိန်းချုပ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဝန်ခံလိုက်သည်။

 အာဏာပိုင်များသည် ဒေသပြင်ပဘက်သို့ ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာ လလယ်မှစတင်ကာ ရောဂါများ ပြန်လည်ပေါ်ပေါက်လာစေသည့် ချို့ယွင်းချက်များကို ပြန်လည်ပြင်ဆင် မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ Xinjiang Dailyကဖော်ပြခဲ့သည်။

"လူတွေက ပေါ့ပေါ့လျော့လျော့နေလာပြီး စီမံချက်တွေကို သေသေချာချာမလိုက်နာတော့တာကြောင့် သြဂုတ်လကုန်ပိုင်းက ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့တဲ့ ရောဂါကူးစက်မှုဟာ တစ်ကျော့ပြန် ဖြစ်လာခဲ့ပါတယ်” ဟု ရှီကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဒုဥက္ကဋ္ဌ လျူဆူရှိက အောက်တိုဘာ ၄ ရက်က ပြောကြားခဲ့သည်။

“ကူးစက်မြန်တဲ့ BA.5.2မျိုးကွဲနဲ့ ကျွန်တော်တို့ရဲ့ မထိရောက်တဲ့ ထိန်းချုပ်ရေးအစီအမံကြောင့် ၂ လကျော်ကြာတဲ့အထိ ကိုဗစ်လုံးဝကင်းစင်ရေးရည်မှန်းချက်ကို မရရှိခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

ရောဂါစမ်းသပ်နိုင်မှုစွမ်းရည်နည်းပါးခြင်းနှင့် ရောဂါနမူနာများကို မှားယွင်းစွာစီမံခန့်ခွဲသော ဝန်ထမ်းများအကြား ကျွမ်းကျင်မှုမရှိခြင်းတို့က အကြီးမားဆုံး ချွတ်ယွင်းချက်များဖြစ်ပြီး လုံလောက်သော ကာကွယ်မှု မရှိခြင်းကြောင့်လည်း ရောဂါကူးစက်ခံရကြောင်း လျူဆူရှိက ပြောသည်။

ပြီးခဲ့သည့်လက အနောက်ရှင်ကျန်းဒေသမှ ဒေသခံများသည် ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ၁ လကျော်ကြာ ခံစားရပြီးနောက် စားနပ်ရိက္ခာနှင့်အသုံးအဆောင်များပြတ်တောက်ခဲ့ကြောင်း လူမှုမီဒီယာ၌ ရေးသားခဲ့ကြသည်။

စီရင်စုတစ်ခုလုံးကို  အောက်တိုဘာ ၅ ရက်မှစ၍ အသွားအလာပိတ်ဆိုမည်ဟူသော လူမှုမီဒီယာပေါ်မှ ကောလာဟလများကိုလည်း ဒေသအာဏာပိုင်များက ငြင်းဆိုခဲ့ကြသည်။
 
ရှင်ကျန်းမြို့တော် အူရမ်ကီမှာ ဒုမြို့တော်ဝန် ကျူဒါဂန်က ဒေသခံများအား ပေကျင်းသို့သွားရန် အထူးကိစ္စရှိလျှင်တောင်မှ မြို့တွင်းမှထွက်ခွင့်မပြုကြောင်းနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးစင်တာသည် ပေကျင်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်းရွက်ရမည်ဖြစ်ကြောင်း ပြောသည်။

 တရုတ်ကွန်မြူနစ်ပါတီက လာမည့် ၅ နှစ်အတွက် ထိပ်ပိုင်းခေါင်းဆောင်များကို ရွေးချယ်မည့် အခမ်းအနားဖြစ်သော ပေကျင်း၌ အောက်တိုဘာ ၁၆ ရက်တွင်စတင်မည့် ၂၀ ကြိမ်မြောက်ပါတီကွန်ဂရက်မတိုင်မီ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုကို ထိန်းချုပ်ရန် ကြိုးစားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required