အိန္ဒိယက အနောက်နိုင်ငံများကြောင့် ဆုံးရှုံးရကြောင်း ရုရှားသမ္မတပြောကြား

အိန္ဒိယက အနောက်နိုင်ငံများကြောင့် ဆုံးရှုံးရကြောင်း ရုရှားသမ္မတပြောကြား

ရုရှားသမ္မတဗလာဒီမာပူတင်က အိန္ဒိယကဲ့သို့ နိုင်ငံများ၏ ယုံကြည်ချက်၊ လွတ်လပ်မှုနှင့် တရားမျှတမှုတို့ကို အနောက်နိုင်ငံများက ခိုးယူကာ ပထဝီနိုင်ငံရေးအရ အကျိုးအမြတ်ရရှိအောင် လုပ်ဆောင်နေကြောင်း ပြောကြားချက်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

“အနောက်အုပ်စုက အလယ်ပိုင်းခေတ်ကာလရဲ့ ကိုလိုနီ မူဝါဒတွေကို ပြန်လည် စတင်နေပြီး ကျွန်ကုန်ကူးတာ၊ အမေရိကမှာ အိန္ဒိယမျိုးနွယ်စုတွေကို လူမျိုးတုန်းသတ်ဖြတ်တာ၊ အိန္ဒိယနဲ့ အာဖရိကတို့ကို ထိခိုက်ဆုံးရှုံးစေတာ၊ အင်္ဂလန်နဲ့ ပြင်သစ်တို့က တရုတ်ကို စစ်ဆင်နွှဲတာ၊ မူးယစ်ဆေးနဲ့ ငြိစွန်းအောင်လုပ်တာ၊ လူမျိုးစုအားလုံးကို မျိုးပြုတ်အောင်  လုပ်တာတွေ ဖြစ်ပွားနေပါတယ်” ဟု ပူတင်က သမ္မတအိမ်တော်၏ စိန့်ဂျော့ခန်းမ၌ ပြုလုပ် သည့် အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း အဆိုပါ သတင်းတွင် ပါရှိသည်။

“မြေနဲ့ ရင်းမြစ်တွေအတွက် သူတို့က လူတွေကို တိရစ္ဆာန်လို အမဲလိုက်ပါတယ်။ ဒါဟာ လူ့သဘာဝ၊ အမှန်တရား၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေနဲ့ ဆန့်ကျင်နေပါတယ်” ဟု ပူတင်က ပြောကြားခဲ့ပြီး ပြဿနာအသစ်များ ဖြစ်ပွားလာရခြင်းအပေါ် အနောက်နိုင်ငံများကို ပြစ်တင်ရှုတ်ချခဲ့သည်။

အနောက်အုပ်စုက အခြားနိုင်ငံများတွင် တော်လှန်ပုန်ကန်မှုများ ပေါ်ပေါက်လာစေရန် အဆင်သင့် ရှိနေကြောင်းလည်း ပူတင်က ပြောကြားသည်။ “သူတို့ရဲ့ ရည်မှန်းချက်တွေအရ ကျွန်တော်တို့ရဲ့ ပထဝီနိုင်ငံရေးအရ ဆန့်ကျင်ဘက်သမားတွေဟာ မည်သူ့ကိုမဆို၊ မည်သည့်နိုင်ငံကိုမဆို ပြဿနာဖြစ်အောင်၊ အကျပ်အတည်းဖြစ်အောင်၊ တော်လှန်ပုန်ကန်မှုတွေဖြစ်အောင်၊ သွေးထွက်သံယိုမှုတွေဖြစ်အောင် လုပ်ဆောင်နေပါတယ်” ဟုလည်း ပူတင်က ပြောကြားခဲ့သည်။

“ဒီအခြေအနေအားလုံးကို တစ်ကြိမ်မက မြင်တွေ့ခဲ့ရ တယ်။ အနောက်အုပ်စုအနေနဲ့ ဓနသဟာယလွတ်လပ်တဲ့ နယ်မြေတွေ (CIS) မှာ ပြဿနာအသစ်တွေ ဖန်တီးဖို့ အစီအစဉ်လုပ်နေတယ်ဆိုတာ သိတယ်။ ကျွန်တော်တို့က ဒါတွေအားလုံးကို သိနေပြီ။ ရုရှား-ယူကရိန်း နယ်စပ်မှာ ဘာတွေဖြစ်နေတယ်၊ အခြား CIS နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ ကြည့်ဖို့ လိုပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဒွန်တက်၊ လူဟန့်ခ်၊ ခီဟာဆန်နှင့် ဇာပိုရီဇီအာ   ဒေသ ၄ ခုကို သိမ်းယူသည့် အစီအစဉ်ကိုလည်း ပူတင်က တရားဝင်ကြေညာခဲ့ပြီး ပြည်သူသန်းပေါင်းများစွာ၏ ဆန္ဒဖြစ်ကြောင်းနှင့် ယင်းဒေသ ၄ ခုမှ ပြည်သူများသည် ရုရှားနိုင်ငံသားများ တစ်သက်လုံး ဖြစ်သွားမည်ဟု ပူတင်ကပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly