ရှင်ကျန်းတွင် ကိုဗစ်ပိုးသတ်ဆေးအဆိပ်သင့်မှုကြောင့် ဝီဂါ ၁၃ ဦးထက်မနည်း သေဆုံး

ရှင်ကျန်းတွင် ကိုဗစ်ပိုးသတ်ဆေးအဆိပ်သင့်မှုကြောင့် ဝီဂါ ၁၃ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ ကောင်တီတစ်ခုတွင် ပြီးခဲ့သည့် သီတင်းပတ်က ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို တိုက်ဖျက်ရန် နေအိမ်များတွင် ပိုးသတ်ဆေးဖျန်းရာမှ အဆိပ်သင့်သဖြင့် ဝီဂါ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများက ပြောကြားသည်။

သေဆုံးခဲ့သောဝီဂါများသည် ဟိုတန်စီရင်စု ဂူမာကောင်တီမှဖြစ်သည်။ ၎င်းတို့သည် ကိုဗစ်-၁၉ ဗိုင်းရပ်စ် တိုက်ဖျက်ရန် အသုံးပြုသော ပိုးသတ်ဆေးအဆိပ်သင့်မှုကြောင်း သေဆုံးခဲ့သည်ဆိုသော ရှင်ကျန်း ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လူများဖြစ်သည်ဟု လူမှုမီဒီယာပေါ်တွင်ရေးသားထားသော မှတ်ချက်များ တွင် ဖော်ပြထားကြသည်။

အွန်လိုင်းပေါ်၌ တင်ထားသောဗီဒီယိုများတွင် အာဏာပိုင်များက ဒေသတွင်းရှိ အိမ်များမှ အတွင်းနံရံများ၊ ပရိဘောဂများ၊ အိပ်ရာများနှင့် ရေခဲသေတ္တာများအတွင်း ဆေးဖျန်းနေပုံများကို ပါဝင်သည်။ အသွားအလာပိတ်ဆို့ပြီးကတည်းက  ဆေးဖျန်းကိရိယာတပ်ထားသောလေယာဉ်များက မကြာခဏဆိုသလို အပေါ်မှ ပက်ဖျန်းကြသည်ဟု ဒေသခံများက ပြောသည်။

ကောင်တီအတွင်းရှိ ရွာတစ်ရွာမှ လူပေါင်း ၁ ဒါဇင်ထက်မနည်းသည် ကိုဗစ်ပိုးသတ်ဆေးအဆိပ်သင့်မှုကြောင့် သေဆုံးခဲ့ကြောင်း ဂူမာကောင်တီမှ အမည်မဖော်လိုသူတစ်ဦးက RFA သို့ အတည်ပြုသည်။

“သေဆုံးတဲ့သူ ၁၂ ယောက် ၁၃ ယောက်ရှိတယ်လို့ ပြောတယ်။ စက်တင်ဘာ ၂၀ ရက်က ဖြစ်ပျက်ခဲ့တာပါ” ဟု ဂူမာကောင်တီ ရွာတစ်ရွာမှ ဆယ်အိမ်မှူးတစ်ဦးက ပြောသည်။

“အစိုးရက အိမ်ခေါင်မိုးတွေနဲ့ အိမ်တိုင်းရဲ့ ခြံဝင်းတွေထဲမှာ ပိုးသတ်ဆေးဖျန်းတဲ့အတွက် ဒေသခံတွေ သေဆုံးခဲ့ရတာပါ။ သေတဲ့သူတွေကို ဆေးရုံပို့ဖို့လည်း အစိုးရဘက်က တစ်ယောက်မှ ရောက်မလာခဲ့ဘူး” ဟု အဆိုပါဒေသမှ ဝီဂါတစ်ဦးက RFA သို့ ပြောသည်။

အိမ်တွင်း၌ ဆေးဖျန်းမည့် အာဏာပိုင်များကို ဝင်ခွင့်မပေးသော အသက် ၂၄ နှစ်အရွယ် သားတစ်ဦးမှာလည်း ထိန်းသိမ်းခံထားရကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required