ပါကစ္စတန်တွင် လက်ရှိဘဏ္ဍာနှစ်၏ ပထမ ၂ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသိသိသာသာ ကျဆင်း

ပါကစ္စတန်တွင် လက်ရှိဘဏ္ဍာနှစ်၏ ပထမ ၂ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသိသိသာသာ ကျဆင်း

ပါကစ္စတန်နိုင်ငံတွင် လက်ရှိ ဘဏ္ဍာနှစ် (၂၀၂၃ ဘဏ္ဍာနှစ်) ၏ ပထမဆုံး နှစ်လတာအတွင်း အသားတင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှုက ၂၆ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တန်ဖိုးပမာဏက ဒေါ်လာ ၁၆၉ ဒသမ ၅ သန်းမျှသာ ရှိကြောင်း ပါကစ္စတန်ဗဟိုဘဏ် (SBP) က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များက ပြသနေသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်၏ အလားတူ ကာလ (ဇူလိုင်-ဩဂုတ်) အတွင်း FDI တန်ဖိုးက ဒေါ်လာ ၂၂၉ ဒသမ ၅ သန်း ဖြစ်ရာ ဒေါ်လာသန်း ၆၀ ခန့် ကျဆင်းခြင်း ဖြစ်သည်။ ၂၀၂၃ ဘဏ္ဍာနှစ်၏ ဇူလိုင်-ဩဂုတ်လအတွင်း FDI ဝင်ရောက်မှုတန်ဖိုးက ဒေါ်လာ ၂၄၇ ဒသမ ၈ သန်းဖြစ်ပြီး စီးထွက်သွားသော FDI တန်ဖိုးက ဒေါ်လာ ၇၈ ဒသမ ၂ သန်းဖြစ်သည်။

ဩဂုတ်လ တစ်လတည်းအတွင်း အသားတင် FDI ပမာဏက ဒေါ်လာ ၁၁၀ ဒသမ ၇ သန်း ဖြစ်ရာ ယခင်နှစ် အလားတူလကထက် ၁၂ ရာခိုင်နှုန်း ကျဆင်းသွားသည်။

၂၀၂၃ ဘဏ္ဍာနှစ်၏ နှစ်လတာအတွင်း ပါကစ္စတန်တွင် တရုတ်၏ အလုံးစုံ ရင်းနှီးမြှုပ်နှံမှုက ၃၁ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့သည်။ 

သို့သော် တရုတ်သည် ပါကစ္စတန်တွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက် ရပ်တည်နေပြီး ပါကစ္စတန်သို့ ဝင်ရောက်သည့် စုစုပေါင်း FDI တန်ဖိုးပမာဏအနက် ၁၉ ဒသမ ၄ ရာခိုင်နှုန်းက တရုတ်မှ ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်။

လက်ရှိ ၂၀၂၃ ဘဏ္ဍာနှစ်၏ ဇူလိုင်-ဩဂုတ်လအတွင်း တရုတ်၏ FDI ဝင်ရောက်မှုတန်ဖိုးက ဒေါ်လာ ၃၂ ဒသမ ၇ သန်း ဖြစ်ပြီး ယမန်နှစ် အလားတူကာလအတွင်း ပမာဏက ဒေါ်လာ ၄၇ ဒသမ ၅ သန်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required