တိဗက်မှ ရက်စက်ကြမ်းကြုတ်သောတရုတ်အာဏာပိုင်များကို ထောက်ခံမှုအတွက် ပါကစ္စတန်ကို အခွင့်အရေးအဖွဲ့က ရှုတ်ချ

တိဗက်မှ ရက်စက်ကြမ်းကြုတ်သောတရုတ်အာဏာပိုင်များကို ထောက်ခံမှုအတွက် ပါကစ္စတန်ကို အခွင့်အရေးအဖွဲ့က ရှုတ်ချ

တိဗက်၊ ဟောင်ကောင်နှင့် ရှင်ကျန်းတို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံကို ထောက်ခံအားပေးနေသည့် ပါကစ္စတန်နှင့် တရုတ်ရုပ်သေး နိုင်ငံများကို ဗြိတိန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ တိဗက်နှင့် ဖိနှိပ်ခံလူနည်းစုမဟာမိတ်အဖွဲ့က ရှုတ်ချလိုက်သည်။

ပါကစ္စတန်သည်  ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၅၁ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံပေါင်း ၆၈ နိုင်ငံကိုယ်စား ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်ဦးဆောင်သော တရုတ်ရုပ်သေးနိုင်ငံများသည် တိဗက်နှင့် အရှေ့တာကစ္စတန်တို့ကို တရုတ်ပြည်တွင်းရေးကိစ္စအဖြစ် တမင်တကာ သရုပ်ဖော်ထားသော်လည်း သမိုင်းအရ မမှန်ကန်ကြောင်း  တိဗက်၊ အရှေ့တာကစ္စတန်နှင့် ဟောင်ကောင်ဆိုင်ရာ  တိဗက်နှင့်ဖိနှိပ်ခံလူနည်းစုမဟာမိတ်အဖွဲ့က ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်နှင့် အခြားတရုတ်ရုပ်သေးနိုင်ငံများသည် ဟောင်ကောင်တွင် လက်ရှိဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူမရှုသင့်ကြောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းတွင် ပြဋ္ဌာန်းထားသည့် အတိုင်း ဟောင်ကောင်ပြည်သူများကို ကမ္ဘာပေါ်ရှိ အခြားလူများကဲ့သို့ပင် အခြေခံအခွင့်အရေးများ ခံစားခွင့် ဆက်ပြုသင့်ကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီက ၁၉၉၇ ခုနှစ်တွင် ဗြိတိန်ထံမှ ဟောင်ကောင်ကို လွှဲပြောင်း ယူချိန်တွင် ထိုအချက်ကို သဘောတူညီထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 တရုတ်ကွန်မြူနစ်ပါတီ၏ ချဲ့ထွင်ရေးဝါဒများသည် ပါကစ္စတန်အပါအဝင် တရုတ်ရုပ်သေးနိုင်ငံများတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို မြှင့်တင်ရန် ၎င်း၏ အာဏာပျော့ကို အသုံးချကာ ဗုဒ္ဓဘာသာတိဗက်နှင့် မွတ်စလင် အရှေ့တာကစ္စတန်တို့အား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ကိုးကွယ် ယုံကြည်ခွင့်ကို ပိတ်ပင်ရန် ရည်ရွယ်ထားသလို  ထိုင်ဝမ်ကို သိမ်းပိုက်ရန်နှင့် နိုင်ငံတကာဥပဒေကို ဖီဆန်ကာ တောင်တရုတ်ပင်လယ်ကို အကြွင်းမဲ့ ထိန်းချုပ်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

တရုတ်နိုင်ငံ၊ တိဗက်၊ အရှေ့တာကစ္စတန်နှင့် ဟောင်ကောင်အပါအဝင် မည်သည့်နေရာတွင်ဖြစ်ပါစေ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်နိုင်ရေးအ‌တွက် တာဝန်နှင့် ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုများကို အဖွဲ့ဝင်နိုင်ငံအားလုံး ထမ်းဆောင်ရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိဗက်နှင့် ဖိနှိပ်ခံလူနည်းစု ကမ္ဘာ့မဟာမိတ်အဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများကို လိုက်နာရန် ပျက်ကွက်ခဲ့သော လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ပါကစ္စတန်နှင့် အခြားတရုတ်ရုပ်သေးနိုင်ငံများကို ရှုတ်ချခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required